သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ခရိုင်တွင်း စစ်ရေးတင်းမာမှု ဖြစ်နေဆဲ


ကရင်ဒုက္ခသည်များ။
ကရင်ဒုက္ခသည်များ။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ အစိုးရတပ်မတော်ဖက်က ရှေ့ဆက်တိုးလာရင် တင်းမာမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဖာပွန်ခရိုင်ဥက္ကဌက ပြောဆိုပါတယ်။ KNU ဗဟိုကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်းလိုက်နာဆောင်ရွက်သွားဖို့ သဘောထားရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာ ဒီလ ၅ရက်နေ့ကနေ စတင်ပြီး တိုက်ပွဲငယ်တွေ ကြိုးကြားဖြစ်ပွားခဲ့ ခုရက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ နှစ်ဖက်တပ်တွေအကြားမှာ အသင့်အနေအထားနဲ့ စောင့်ကြည့်နေတဲ့အခြေအနေမှာ ရှိနေပါတယ်။

လတ်တလော အခြေအနေကို KNU ရဲ့ ဖာပွန်ခရိုင်ဥက္ကဌ ပဒိုစောထဲဒယ်က အခုလို ပြောပါတယ်။

“ အခုလောလောဆည် တိုက်ပွဲက ၁၀ရက်ကနေ ၁၅ရက်အထိ အဲဒါ တိုက်ပွဲ မရှိသေးဘူးနော်။ တပ်မတော်ကတော့ ရှိနေတုံးပဲ။ တပ်တွေက သူတို့ အခြေစိုက်ထားတဲ့နေရကိုပဲ အခုလည်း ငြိမ်နေတာပဲ။ အင်အားကတော့ ခန့်မှန်းခြေအရတော့ တပ်ရင်းက ၆ရင်း လူအင်အားကတော့ ၆၀၀နဲ့ ၈၀၀၀န်းကျင်ပေါ့နော်။ နှစ်ဖက်စလုံးကတော့ အခု စောင့်ကြည့်နေတဲ့အနေအထားမှာပဲ ရှိတယ်။ ဥပမာ သူတို့ ဖောက်မယ့်လမ်းကတော့ ဆက်ပြီးတော့ ဖောက်နေမယ်ဆို တင်းမာမှုဖြစ်လာနိုင်ဖွယ် အကြောင်း ရှိတယ်နော်။”

ဖာပွန်ခရိုင်အတွင်းမှာ အခြေစိုက်တဲ့ KNU တပ်မဟာ ၅က ဒီလို တိုက်ပွဲဖြစ်ပွားတာဟာ တပ်မတော်ဖက်က စစ်ရေးအတွက် ရည်ရွယ်ပြီးလမ်းဖောက်လုပ်လာတာကြောင့်ဖြစ်ကြောင်းနဲ့ ဒီလုပ်ဆောင်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တဲ့အတွက် ဆက်လက်မလုပ်ဆောင်ဖို့ ဒီလ ၈ရက်နေ့က ကန့်ကွက်ထားပါတယ်။

တပ်မတော်ဖက်က လက်ရှိဆောင်ရွက်ထားတဲ့အခြေအနေကို မေးမြန်းနိုင်ဖို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမျိုးမင်းနောင်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

KNU ရဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ ဖာပွန်ခရိုင်မှာ လက်ရှိဖြစ်ပွားနေ တာနဲ့ပတ်သက်ပြီး KNU ရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“ ပြောရမယ်ဆိုရင်တော့ နှစ်ဖက်တပ်ရဲ့ လှုပ်ရှားမှုတွေက တဖက်နဲ့တဖက်ကို အသိပေးညှိနှိုင်းပြီးမှ ဆောင်ရွက်သွားဖို့တော့ သဘောတူညီချက်ရှိတယ်။ ဒါကို မလိုက်နာခြင်းအားဖြင့်တော့ သဘောတူညီချက်အပေါ်မှာ လိုက်နာဆောင်ရွက်ခြင်း မရှိရင်တော့ NCA ကို အလေးမထားရာ ကျတဲ့သဘောပေါ့။ သို့သော်လည်းပဲ ကျနော်တို့ကလည်း NCA ကို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တော့ ဒါကို ပြန်လည်ပြီးတော့ NCA အတိုင်း လိုက်နာဆောင်ရွက်ဖို့တော့ ကျနော်တို့ ကြိုးစားသွားမှာပဲ။ ကျနော်တို့ဖက်က ရပ်တည်ချက်ပေ့ါနော်။ ”

လောလောဆည်မှာတော့ အခုလို ဖာပွန်ခရိုင်အတွင်း တပ်တွေဝင်ရောက်လာတာကို တပ်မတော်ခေါင်းဆောင်တွေကို အသိပေးထားကြောင်းနဲ့ ဒီလို ဝင်ရောက်လာတာဟာ ယုံကြည်မှုကို လျော့နည်းစေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ ညှိနှိုင်းမှုမရှိဘဲနဲ့ လာရောက်နေရာယူခြင်းအားဖြင့် ဒါက တဖက်နဲ့ တဖက် ယုံကြည်မှုကို ထိခိုက်စေတဲ့ ဆောင်ရွက်ချက် ဖြစ်နေတယ်။ တပ်မတော်ဖက် ဆိုင်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကိုလည်း ကျနော်တို့ အသိပေးထားတာရှိတယ်။ သူတို့ တပ်တွေ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ယုံကြည်မှုက ထိခိုက်မှုရှိတယ်ဆိုတာကို ပြောတာပေါ့နော်။ သူတို့ အဲဒီမှာ ဆက်လက်နေထိုင်ခြင်းအားဖြင့် ယုံကြည်မှုက ပို မိုပြီးတော့ နည်းသွားမှာ။ ရှိထားတဲ့ ယုံကြည်အနည်းအကျဉ်းလည်း ထိခိုက်မှာစိုးလို့ ဒါကို သူတို့အနေနဲ့ ဆောင်ရွက်သွားဖို့ပေါ့နော်။ ”

ဒီလ ပထမပတ်အတွင်းက ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဖာပွန်ခရိုင်အတွင်းက ရွာ၈ရွာက ဒေသခံပြည်သူ ၁၅၀၀ကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီလို လက်မှတ်ရေးထိုးပြီးနောက်မှာလည်း ဖာပွန်ခရိုင်အတွင်းမှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားတာ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG