သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Schuman Award ဆု မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ သုံးဦးရရှိ


Schuman Award ဆု
Schuman Award ဆု

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ဒုတိယအကြိမ်မြောက် ပေးအပ်တဲ့ ရှူးမန်း (Schuman Award) ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ ဒေါ်ခင်သန်းထွေး၊ ချယ်ရီဇက်ဟောင်းနဲ့ ကိုဆွေဝင်း တို့သုံးဦးရရှိသွားပါတယ်။ ဒီအကြောင်းကို VOA မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ ထားပါတယ်။

ဥရောပသမဂ္ဂရဲ့ နှစ် (၆၀)ပြည့်အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်မြောက်ပေးအပ်တဲ့ ချီးမြှင့်တဲ့ ရှုးမန်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက ဒေါ်ခင်သန်းထွေး၊ ချယ်ရီဇက်ဟောင်းနဲ့ ကိုဆွေဝင်း တို့သုံးဦးရရှိသွားပါတယ်။

ဒီဆုကိုရရှိခဲ့တဲ့အတွက် Myanmar Now သတင်းဌာနရဲ့အယ်ဒီတာ ကိုဆွေဝင်းကသူ့ရဲ့ လူ့အခွင့်အရေးပေါ် မြင်တဲ့ သဘောထားကို အခုလိုပြောပြပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပေးတဲ့အတွက် ကောင်းပါတယ်။ အစ်ကိုတို့က လူ့အခွင့်အရေးဆိုရင် အနောက်တိုင်းတို့၊ ဥရောပတို့ အဲဒီလိုအစွဲအလန်းတွေ ရှိကြတယ်။ အစ်ကိုတို့အမြင်ကတော့ လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့သက်ဆိုင်တယ်။ ဒါဟာ ဗမာနိုင်ငံသား ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ဆို လူ့အခွင့်အရေးဆိုတာ အနောက်နိုင်ငံရေး အတွေးအခေါ်တွေပေါ် အခြေခံပြီးမှ လူ့အခွင့်အရေးကိုမြတ်နိုးတာမဟုတ်ဘူး အစ်ကိုတို့က။ ဘာကိုမြတ်နိုးလဲဆိုတော့ ဒီဗုဒ္ဓဝါဒ၊ ဗုဒ္ဓရဲ့သင်ကြားပို့ချချက်တွေမှာ တစ်ဦးနဲ့တစ်ဦး ဒါဟာ ဗြဟ္မစိုတရားထားရမယ်၊ ခွင့်လွှတ်ရမယ်၊ သည်းခံရမယ်၊ မတော်မတရားမလုပ်ရဘူး ဒီလိုဟာတွေအခြေခံပြီးတော့၊ နောက်ပြီးတော့ တတ်နိုင်သမျှ အတ္တစွဲကို ကင်းပြီတော့နော် တစ်ဦးနဲ့တစ်ဦး ဆက်ဆံရမယ်။ အဲဒီအပေါ်မှာအခြေခံပြီးတော့ အစ်ကိုတို့က လူ့အခွင့်အရေးကိုနားလည်ပါတယ်။”

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဥရောပသမဂ္ဂ တည်ထောင်သူဖြစ်တဲ့ ရောဘတ်ရှုးမန်း Robert Schuman နာမည်ကိုစွဲပြီးပေးထားတဲ့ ဒီဆုကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်နေတဲ့ မြန်မာလူမျိုးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ ၂၀၁၇ ခုနှစ်မှာစပြီး အကောင်ထည်ဖော်ခေါ်တာဖြစ်ပါတယ်။

၂၀၁၇ မှာပေးတဲ့ ရှုးမန်းလူ့အခွင့်အရေးဆုကိုတော့ ကွယ်လွန်သွားရှေ့နေကြီး ဦးကိုနီ၊ ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကချင်တိုင်းရင်းသူ ဒေါ်ဂျာနန်လထောနဲ့ Equality Myanmar ကဦးအောင်မျိုးမင်း တို့ရရှိခဲ့တာပါ။

ဦးအောင်မျိုးမင်း ကလည်းသူ့ရဲ့သဘောထားကိုအခုကိုပြောပြပါတယ်။

“မနှစ်က စပေးတဲ့အချိန်မှာ ဆရာကြီးဦးကိုနီ နဲ့ ဆရာမဒေါ်ဂျာနန်တို့ပါတော့ တော်တော် ဂုဏ်ယူပါတယ်။ ဒီနှစ်မှာတော့ သူတို့ မွန်ပြည်နယ် အောက်ခြေမှာလုပ်နေတဲ့ အမျိုးသမီးတွေ နောက်ပြီးတော့ တိုင်းရင်းသား အရေးတွေမှာ လုပ်ဆောင်နေတဲ့ မချယ်ရီဇက်ဟောင်း တို့ပါတဲ့အတွက် ပိုပြီးတော့တောင် ထူးခြားတယ်လို့ ပြောတယ်။ နောက်တစ်ခုကတော့ ကိုဆွေဝင်းတို့လို ကလေးသူငယ်ဆိုင်ရာ၊ အင်းဝအပ်ချုပ်ဆိုင်ကိစ္စ ရေဆုံးရေဖျား တကယ်ကို လိုက်ပြီးဆောင်ရွက်တဲ့သူတွေပါတဲ့အတွက် ပိုပြီးတော့ထူးခြားပါတယ်။ ဒါလေးက ကျွန်တော်တို့ လူသိများတဲ့သူတွေမကဘဲနဲ့ အောက်ခြေမှာ လုပ်ဆောင်နေတဲ့သူတွေ၊ နောက်ပြီး မီဒီယာမှာ တာဝန်ကျေစွာ ထမ်းဆောင်တဲ့သူတွေ ပါတဲ့အတွက် ပိုပြီးတော့ဂုဏ်ယူပါတယ် ခင်ဗျ။”

ရှုးမန်းလူ့အခွင့်အရေးဆုကိုရွေးချယ်တဲ့နေရာမှာ တက်ကြလှုပ်ရှားသူတွေ၊ သုတေသီတွေ၊ နိုင်ငံရေး သမားတွေ၊ လူမှုရေးအသင်းအဖွဲ့ကသူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေ နဲ့ ရပ်ရွာခေါင်းဆောင် တွေထဲက ထင်ရှားတဲ့သူတွေကို ဥရောပ သမဂ္ဂနိုင်ငံတွေက ပူးတွဲရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG