ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရက ဦးစားပေးဆောင်ရွက်မယ့် အချက်တွေကို ဗြိတိန်နိုင်ငံ အာရှနဲ့ ပစိဖိတ်ရေးရာဝန်ကြီး Mark Field က ချခင်းပြလိုက်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ အချက်အလက်ရှာဖွေရေး ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး မနေ့က ဗြိတိန်ပါလီမန်မှာ ဝန်ကြီး Field က သူတို့ရဲ့ ဦးစားပေး အချက် လေးချက်ကို ရှင်းပြသွားပါတယ်။ အပြည့်အစုံကို မခွာညို တင်ပြထားပါတယ်။
ရှေးဦးစွာ ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်ခံလာခဲ့ရတဲ့အကြောင်း မကြာသေးခင် ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ်တွေအတွင်း အကွက် ကျကျ အကြမ်းဖက်မှုတွေ ခံလာခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်တုန်းက ARSA စစ်သွေးကြွတို့ရဲ့ တိုက်ခိုက်မှုဟာ လုံးဝ လက်မခံနိုင်တဲ့ တမင် နှိုးဆွမှုတရပ်ဖြစ်ပေမယ့် မြန်မာစစ်တပ်ရဲ့ အကြင်နာကင်းမဲ့တဲ့ တုံ့ပြန်မှုဟာ ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တယ်၊ မြန်မာ အစိုးရအနေနဲ့လည်း ရိုဟင်ဂျာတွေအပါအဝင် ပြည်သူတရပ်လုံးကို အကာအကွယ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဗြိတိန်အစိုးရ အနေနဲ့ ဆောင်ရွက်မယ့် အချက်လေးရပ်ကို အခုလို ပြောကြားသွားပါတယ်။
"ပထမအချက်အနေနဲ့ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိနေကြတဲ့ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာမှုလိုအပ်တဲ့အကူအညီတွေကိစ္စ ကိုင်တွယ်ဖြေရှင်းရပါမယ်။ အဲဒီထဲမှာ မကြာခင် သီတင်းပတ်တွေအတွင်း ရောက် တော့မယ့် မုတ်သုန်နဲ့ ဆိုင်ကလုန်းမုန်တိုင်း ရာသီအန္တရာယ် ကြိုတင်ပြင်ဆင်ဖို့၊ Cox’s Bazar နဲ့ ပတ်ဝန်းကျင်မှာ လူသားချင်းစာနာမှု ကူညီ ပေးနေတဲ့ အေဂျင်စီတွေကို ကူညီဖို့လည်း ပါဝင်ပါတယ်။ ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ကူညီရေးပစ္စည်းတွေဖြန့်ဝေပေးရာမှာနဲ့ အကြမ်းဖက်မှု ရန်ကထွက်ပြေးသူတွေကို ကူညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ထောက်ပံ့ပေးဖို့တွေအတွက်လည်း နိုင်ငံတကာအဖွဲ့ တွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒုတိယကတော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံပြီး ကိုယ့်သဘောနဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေး ပြီးမြောက်အောင်လည်း စိတ်ရှည်ရှည်ထားပြီး ဆက်လက်လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်ခြားကနေ ဟိုဘက်ဒီဘက် ပြန်ကြမယ့်သူတွေအတွက် UNHCR က ကြီးကြပ်ပြီး မှန်ကန်ကြောင်း အတည်ပြုစစ်ဆေးဖို့ကိုလည်း မရမနေ တိုက်တွန်းသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲဖို့ တကမ္ဘာလုံးမှာ စည်းကမ်းနဲ့အညီဆုံး အဖွဲ့အဖြစ် UNHCR အဖွဲ့ဟာ အကောင်းဆုံး ပစ္စည်းကိရိယာစုံလင်မှုရှိသလို ယုံကြည်စိတ်ချရဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
တတိယအချက်က ရခိုင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ဖို့ ၀ိုင်းဝန်း ဖိအားပေးကြဖို့နဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ အများလက်ခံနိုင်တဲ့ ပွင့်လင်းလွတ်လပ်စွာ စုံစမ်းခွင့်ပေးဖို့ နိုင်ငံတကာက စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊၊
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Yanghee Lee က ဒီပဋိပက္ခဟာ genocide အသွင်ကို ဖော်ပြသွား ပေမယ့် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုတွေ ဟုတ်မဟုတ်ဆိုတာကို နိုင်ငံတကာ တရားရုံး ICC က တဆင့် သွားရမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ UK က ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက် အကူအညီပေးဖို့နဲ့ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်တွင်း ပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကူညီ ကြိုးပမ်းသွားမှာဖြစ်ပါတယ်၊၊ ကိုဖီအာနန်ရဲ့ ရခိုင်အရေး အကြံပြုချက် အစီရင်ခံစာပါ အချက်များအတိုင်း အကောင်အထည်ဖော် သွားဖို့ကိုလည်း ကတိပြုပါတယ်၊၊"
နိဂုံးချုပ်အနေနဲ့ ရိုဟင်ဂျာတွေရဲ့ဒုက္ခကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သူတို့ကြိုက်နှစ်သက်ရာလမ်း ရွေးချယ်နိုင်အောင် ဆက်လက် ကူညီသွားမယ်၊ မြန်မာပြည်မှာလည်း ပွင့်လင်းပြီး ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် မပျက်မကွက် အားပေးလုပ်ဆောင်သွားမယ်လို့ ဝန်ကြီး Mark Field က ပြောကြားသွားပါတယ်။