သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့ကူညီဖို့ UNHCR ချစ်ကြည်ရေးသံတမန် တိုက်တွန်း


ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ကုတုပလောင် ဒုက္ခသည်စခန်းတွင်း မိုးရွာသွန်းနေတဲ့မြင်ကွင်း။
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ကုတုပလောင် ဒုက္ခသည်စခန်းတွင်း မိုးရွာသွန်းနေတဲ့မြင်ကွင်း။

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မကြာမီ မုတ်သုံ ရာသီ ရောက်တော့မှာမို့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး နိုင်ငံတကာက ထောက်ပံ့ ကူညီကြဖို့ ကုလသမဂ္ဂရဲ့ ချစ်ကြည်ရေး သံတမန် ရုပ်ရှင်သရုပ်ဆောင် Cate Blanchett က တိုတွန်း လိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကုလရဲ့ ချစ်ကြည်ရေး သံတမန် Cate Blanchett က အခုလို ပြောဆိုလိုက်တဲ့ တချိန်တည်းမှာဘဲ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာတော့ မုတ်သုံရာသီ မိုး အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။ UNHCR ရဲ့ ထုတ်ပြန်ချက်တွေနဲ့ Reuters သတင်းတွေကို အခြေခံပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ မုတ်သုန်ရာသီ ရောက်ခါနီးပြီမို့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် မုတ်သုံ မိုးဒဏ်ကနေ ကာကွယ်ပေးဖို့ ဘင်္ဂလားဒေရှ့် အစိုးရ၊ ကုလသမဂ္ဂနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြရတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ချစ်ကြည်ရေး သံတမန် ရှင်ရှင်သရုပ်ဆောင် အကျော်အမော် Cate Balanchett လည်း ဒီဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားရောက်ခဲ့တာပါ။

"ရိုဟင်ဂျာ ဒုက္ခသည်တွေဟာဆိုရင် ပစ်မှတ်ထားပြီး အကြမ်းဖက်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ကြောက်မက်ဖွယ် ခရီးကြမ်းတွေနဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြရတာပါ။ အခုတော့ မုတ်သုံ ရာသီလည်း ရောက်တော့မှာ ဆိုတော့ ဘင်္ဂလားဒေရှ့် အစိုးရ၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ မိတ်ဖက်တွေက အရေးပေါ် အခြေအနေတွင်းမှာ အရေးပေါ် အခြေအနေတွေကို ရှောင်ရှားနိုင်ရေး အတွက် မီးကုန်ယမ်းကုန် ကြိုးစား ဆောင်ရွက်နေကြပါတယ်။"

ဘင်္ဂလားဒေရှ့် နိုင်ငံတွင်း ဘေးကင်း လုံခြုံမှုမရှိ သန့်ရှင်းမှု မရှိတဲ့ အခြေအနေမျိုးနဲ့ နေနေကြရတဲ့ ဒုက္ခသည်တွေ အခြေအနေက မုတ်သုံ ရာသီ မိုးနဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေကြောင့် ဆိုးသထက် ဆိုးလာနိုင်တဲ့ အနေအထားပါ။ သောက်သုံးရေ မသန့်ရှင်းမှု၊ အိမ်သာ မလုံလောက်မှုနဲ့ တကိုယ်ရေ သန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းရောဂါ၊ အသည်းရောင် အသားဝါ E ပိုး ပျံ့နှံ့ ကူးစက်မှုကို ဦးတည် သွားစေနိုင်ပါတယ်။ ရေစီးရေလာ မကောင်းလို့ ရေတွေ အိုင်ထွန်းနေရင်လည်း ငှက်ဖျားရောဂါ သည်ဆောင်တဲ့ ခြင်ပေါက်ဖွား နိုင်တဲ့ အခြေအနေက ရှိနေပြန်ပါတယ်။ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ဌာနေပြန်ရေး ကော်မရှင်၊ ကုတူးပလောင် ဒုက္ခသည် စခန်း အမှတ် ၁ ရဲ့ ကြီးကြပ်ရေးမှူး Mohammad Rezaul Karim ကတော့ အခုလို ပြောပါတယ်။

"ကုတူးပလောင် ဒုက္ခသည် စခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းပါ။ လူ ၆ သိန်းကျော် ရှိနေပါတယ်။ မုတ်သုံရာသီက ရောက်တော့မယ်ဆိုတော့ မြေပြိုမယ့်အရေး ရေကြီးမယ့် အရေးတွေကလည်း ရှိနေပါတယ်။ အဲဒါကြောင့် ကုတူးပလောင်က တချို့ မိသားစုတွေကို ဘေးကင်းမယ့် နေရာသစ်ကို ရွှေ့ရပါတယ်။ နေရာရွှေ့ပြောင်းရေး အတွက် ဘင်္ဂလားဒေရှ့် အစိုးရက မြေ ၁၂၃ ဧက ပေးထားပါတယ်။ အဲဒီ မြေပေါ်မှာ UNHCR ရဲ့ အထောက်အပံ့နဲ့ ပြုပြင် ဆောက်လုပ်နေကြပါတယ်။"

ကုတူးပလောင် ဒုက္ခသည် စခန်းဝင်း အတွင်းက တဲတွေ ပတ်လည်မှာတော့ ရေမြောင်းတွေဖောက်၊ ရေစီး မြေပြိုမှုကို ကာကွယ်ဖို့ သဲအိတ်တွေနဲ့ ကာနေကြသူတွေထဲက တဦး ဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် Kalimullah က အခုလို ပြောပါတယ်။

" မုတ်သုံရာသီက ရောက်တော့မယ် ဆိုတော့ မိုးရွာရင် ကျနော်တို့ အိမ်တွေ မျောသွားမှာ။ ဒါကြောင့် မိုးရေတွေ မြန်မြန် ထွက်သွားအောင် လုပ်ရပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုအဖွဲ့ အကူအညီနဲ့ဒီ ရေမြောင်းတွေ ဖောက်ထားတာပါ။ တချို့နေရာ အတော်များများကိုတော့ သဲအိတ်တွေနဲ့ ရေမဝင်အောင် ကာထားပါတယ်။"

မုတ်သုံ ရာသီ မိုးရွာသွန်းမှုကတော့ နောက်လ ဧပြီလကနေ စလို့ စက်တင်ဘာလ လောက် အထိ ကြာမြင့်နိုင်တာပါ။ တချိန်တည်းမှာဘဲ ဒုက္ခသည်တွေဘက်ကလည်း ဌာနေပြန်ရေး လိုလိုလားလား သိပ်မရှိလှပါဘူး။ ရိုဟင်ဂျာ ဒုက္ခသည် Jhura Begum ကတော့ အခုလို ပြောပါတယ်။

"နိုင်ငံသား အဖြစ် လက်မခံဘဲ၊ အခွင့်အရေးတွေနဲ့ ငြိမ်းချမ်းမှု မရှိဘဲနဲ့ ကျမတို့ မပြန်နိုင်ပါဘူး။"

ပြီးခဲ့တဲ့ ဇန်နဝါရီလက နှောင်းပိုင်းမှာ စတင်ကြဖို့ ရည်ရွယ်ခဲ့ကြတဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ်ကတော့ အခုအချိန်ထိ မစနိုင်သေးပါဘူး။ မြန်မာဘက်က ပြန်လည် လက်ခံရေး အတွက် အဆင်သင့် ဖြစ်ပြီ ဆိုပေမယ့်လည်း ဖြည့်စွက်ရမယ့် စာရွက်စာတမ်း မပြည့်စုံသေးတာကြောင့် ပြန်လည် ဆောင်ရွက်နိုင်ဖို့ ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည်လွှဲပြောင်းထားပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေး လုပ်ငန်းစဉ်က ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့ အညီ ဘေးကင်းလုံခြုံမှု ရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်စေဖို့ ကုလသမဂ္ဂက တိုက်တွန်းထားသလို ဌာနေပြန်လာသူတွေ အတွက် လုံခြုံရေး ရယူပေးဖို့လည်း တိုက်တွန်းနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG