သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် KNU နဲ့မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာမှု JMC ဆွေးနွေး


KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်။
KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေရပ်စဲသွားဖို့ အဓိကထားပြီး JMC-U ရဲ့ (၁၅)ကြိမ်မြောက် အစည်းအဝေး နှစ်ရက်တာကာလမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က ပေးပို့ထားပါတယ်။

ဖာပွန်ခရိုင် ထဲမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအိုင်အေ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သတ်ပြီး မကြာခင်ကာလမှာ နှစ်ဖက်စစ်တပ်ရဲ့ တာဝန်ရှိသူတွေ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြို့ NRPC မှာပြုလုပ်တဲ့ (၁၅)ကြိမ်မြောက် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်မှု ကော်မတီ JMC-U ရဲ့ အတွင်းရေးမှုး(၁) ဒေါက်တာရွှေခါး က ပြောသွားပါတယ်။

“ကျွန်တော်တို့ နှစ်ဘက်စစ်တပ်တွေ တွေ့နိုင်ဖို့ အတွက်ကို ကျွန်တော်တို့ စီစဉ်ပါတယ်။ ပြီးတော့ အခု ကျွန်တော်တို့ ဒီ တပ်မဟာ(၅) ကိစ္စ ပေါ်လာလို့လည်း ဖြစ်ပါတယ်။ အခု ထိပ်တန်း ခေါင်းဆောင်တွေ နှစ်ဘက်စလုံးနဲ့ တွေ့တဲ့အခါမှာတော့ ဒီကိစ္စကိုပါ သူတို့ပါသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာက သူတို့ထိပ်တန်း ခေါင်းဆောင်တွေ တွေ့ခြင်းအားဖြင့် အခုဖာပွန်ကိစ္စတင် မဟုတ်ဘူး။ ပြီးတော့ ဒီလိုမျိုး အခု လောလောဆယ် ဖြစ်နေတဲ့ Tension တစ်ခုတည်းကို မကြည့်ဘဲနဲ့ လာမယ့် အနာဂတ်မှာရော ဖြစ်နိုင်မယ့် ကိစ္စတွေကိုလည်း သူတို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

မကြာသေးခင်က တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေက ကားလမ်းဖောက်ခဲ့တာနဲ့ ပတ်သတ်ပြီး စစ်ရေးအတွက် ရည်ရွယ်ပြီး ဖောက်လုပ်တယ်လို့ ကေအန်ယူက ယူဆတဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေနဲ့လည်း လမ်းဖောက်ရတာ စစ်တပ်အတွက် ရိက္ခာပို့ဆောင်ဖို့ ရည်ရွယ် တာလို့ JMC-U ရဲ့ အတွင်းရေးမှူး(၂) ဗိုလ်မှုးကြီး ဝဏ္ဏအောင်က ပြောပါတယ်။

“တပ်မတော်က ဒီလမ်းကြောင်းဖောက်တယ်၊ မိုးမကျခင် ရိက္ခာစုပုံတယ်။ ပြီးရင် ဒီလမ်းကြောင်းကြီးက ကျွန်တော်တို့ ထားခဲ့မှာပါ။ နောက်တစ်နှစ်မှ ရိက္ခာပုံမှ ပြန်သုံးရမယ့် အနေအထားပေါ့။ ဒီကြားထဲမှာတော့ ကျွန်တော်တို့ ဒီလမ်းကြောင်း ရှိတဲ့အတွက် အဲဒီဘက် ဒေသမှာရှိတဲ့ ဒေသခံတွေကတော့ မှန်ပါတယ် ရွာသူ ၊ရွာသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ တိုက်ပွဲဖြစ်တယ် ဆိုတော့လည်း သူတို့ ရှောင်ကြတာပေါ့။ ဒါကြောင့် လမ်းတွေ ဖောက်ကတည်းကိုက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီးတော့ ကေအန်ယူ တပ်မဟာ(၅)ကို စာပို့တာ ရှိပါတယ်။ ဒါကြောင့်မို့ အခု ဆွေးနွေးတဲ့ အခါမှာလည်း သိပ်တော့ ခက်ခက် ခဲခဲ အချက်တွေ ရှာစရာတော့ မရှိပါဘူး။ အရင် သူတို့ကို ပြောထားတဲ့ အချက်တွေကိုပဲ နားလည်အောင်ပေါ့ တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက်သွားခြင်း အားဖြင့် ဒါအဆင်ပြေသွားမယ် လို့တော့ ကိုယ်တို့လည်း ယုံကြည် ပါတယ်။”

(၂၁)ရက်နဲ့ (၂၂)ရက် ဒီနှစ်ရက်တာကာလ အတွင်းမှာ JMC-U အနေနဲ့ မွန်ပြည်သစ်ပါတီကို အဖွဲ့ဝင်သစ် အနေနဲ့ထည့်သွင်းတာနဲ့ ဖာပွန်ခရိုင်တင်းမာမှုတွေ အပါအဝင် အချက်(၆)ချက်ကို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလကုန်ပိုင်းမှာလည်း တပ်မတော်နဲ့ KNU/KNLA ခေါင်းဆောင်တွေ ကျောက်ကြီးမြို့မှာ ထပ်မံတွေ့ဆုံပြီး ဖာပွန်ခရိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG