သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပနိုင်ငံကြီး ၃ ခုပေါင်းထက် ကြီးတဲ့ ပလပ်စတစ်အမှိုက်ပုံ ရေထဲမျော


ရေပြင်ပေါ်က အမှိုက်များ
ရေပြင်ပေါ်က အမှိုက်များ

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီနဲ့ ကာလီဖိုးနီးယားပြည်နယ်တွေကြားက ပစိဖိတ်သမုဒ္ဒရာရေပြင်မှာ မျောနေတဲ့ ကမ္ဘာ့ အကြီးဆုံး ပလတ်စတစ်အမှိုက်ထုကြီးဟာ အခုဆိုရင် ပြင်သစ်၊ ဂျာမနီနဲ့ စပိန် သုံးနိုင်ငံပေါင်း အရွယ်အစားထက် ပိုကြီးလာပါပြီ။

မဟာ ပစိဖိတ် အမှိုက်ပြင်ကြီးလို့ဆိုရမယ့် Great Pacific Garbage Patch လို့ သိထားကြတဲ့ အမှိုက်ထုကြီးထဲမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၈၀,၀၀၀ နီးပါးပါတယ်လို့ ကြာသပတေးနေ့ကထုတ်ပြန်တဲ့ လေ့လာချက်အသစ်တခုမှာ ပြောထားပါတယ်။

တိုက်ခတ်တဲ့လေနဲ့ ပေါင်းစပ်သွားတဲ့ ပင်လယ်ရေစီးကြောင်းတွေကြောင့် အမှိုက်ထုကြီးကို တနေရာထဲမှာ စုပုံသွားစေတယ်လို့ သုတေသနကို ဦးဆောင်လုပ်ခဲ့တဲ့ သမုဒ္ဒရာ သန့်ရှင်းရေးဖောင်ဒေးရှင်း ပရဟိတအဖွဲ့က အစီရင်ခံစာကို ဦးဆောင်ရေးသားသူ Laurent Lebreton ကပြောပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက စတွေ့ခဲ့တဲ့ အမှိုက်ပြင်ကြီးထဲကို ရောက်လာတဲ့အမှိုက်တွေဟာ မြောက်နဲ့ တောင်အမေရိကတိုက်တွေနဲ့ အာရှတိုက်ကနိုင်ငံတွေအပါအဝင် ပစိဖိတ်သမုဒ္ဒရာရပ်ဝန်း နိုင်ငံတွေကနေ လာတာလို့ Lebreton ကပြောပါတယ်။

ဒီအမှိုက်ပြင်ကြီးဟာ ပလတ်စတစ် ထုထည်ကြီးတော့မဟုတ်ပါဘူး။ အဲဒီထဲမှာ ပလတ်စတစ်အစအနပေါင်း ၁.၈ ထရီလီယံ လောက်ပါပါတယ်။ အခု ကိန်းဂဏန်းသစ်ဟာ အရင်တုန်းက ခန့်မှန်းခဲ့တာတွေထက် ၁၆ ဆလောက်ထိ ပိုများပါတယ်။

ပလတ်စတစ်အစအနလေးတွေဟာ အရေအတွက်အားဖြင့် အများဆုံးဖြစ်သလို အမှိုက်ပြင်ကြီးရဲ့ အလေးချိန် ထက်ဝက်နီးပါးက တော့ စွန့်ပစ် ငါးဖမ်းပိုက်တွေဖြစ်ပါတယ်။ ပလတ်စတစ်အစအနတွေထဲမှာ တွေ့ရတဲ့ထဲ ဘူးတွေ၊ ပန်းကန်ပြားတွေ၊ သက်ကယ် ဘောတွေ၊ ကြိုးတွေအပြင် အိမ်သာခုံတွေကိုတောင်မှ တွေ့ရပါတယ်။

သမုဒ္ဒရာထဲကို နှစ်စဉ် ရောက်သွားတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ တန်ချိန် သန်းပေါင်းများစွာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG