သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲက အမှိုက် လေဆာနဲ့ ဖျက်ဆီးမည်


ကမ္ဘာမြေကြီးကို နာဆာအာကာသခန်းမှ မြင်ရပုံ။ မေ ၃၀၊ ၂၀၀၇။
ကမ္ဘာမြေကြီးကို နာဆာအာကာသခန်းမှ မြင်ရပုံ။ မေ ၃၀၊ ၂၀၀၇။

အာကာသထဲက အပျက်အစီးအစအနတွေကို မြေပြင်ကနေ ဖျက်ဆီးပစ်နိုင်မယ့် အားကောင်းတဲ့ လေဆာကိရိယာတခုကို နောက် နှစ်မှာ အသုံးပြုနိုင်တော့မယ်လို့ သြစတြေးလျ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

သြစတြေးလျ အာကာသ သဘာဝပတ်ဝန်းကျင် သုတေသနဌာနက ကမကထပြုပြီး ကန်ဘာရာမြို့တော်မှာ ဒီသတင်းပတ် အတွင်း ကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ အာကာသထဲက အပျက်အစီးအပိုင်းအစ အရေအတွက်ကို လျှော့ချရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

အာကာသထဲမှာ လွင့်မျောနေတဲ့ အပိုင်းအစတွေကို အလင်းဓာတ်ရောင်ခြည်ကို အသုံးပြုထားတဲ့ လေဆာတန်းနဲ့ထိုးပြီးတော့ လမ်းကြောင်းပြောင်းသွားအောင် လုပ်လိုက်ခြင်းအားဖြင့် ကမ္ဘာမြေကနေ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေနဲ့ တိုက်မိမယ့်အရေးကို တားဆီးနိုင်မယ်လို့ သြစတြေးလျသုတေသီတွေက ယူဆပါတယ်။

နောက်ဆုံး ရည်ရွယ်ချက်ကတော့ ပိုပြီးအားကောင်းတဲ့ လေဆာရောင်ချည်ကို ရအောင်ထုတ်ပြီးတော့ အပိုင်းအစတွေကို ကမ္ဘာ့ လေထုထဲ တွန်းပို့ပြီး မီးလောင် ပျက်စီးစေဖို့ဖြစ်ပါတယ်။

အာကာသထဲမှာ အပျက်အစီးအပိုင်းအစတွေ တန်ချိန် ၇,၅၀၀ ထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ ကျောက်စရစ်ခဲ အရွယ် အပိုင်းအစ သန်းဝက်လောက်ရှိမယ်လို့ ခန့်မှန်းထားသလို ပိုပြီးကြီးတဲ့ စွန့်ပစ်ဒုံးယာဉ်တွေ၊ အာကာသယာဉ်တွေက အပိုင်း အစတွေလည်းပါပါတယ်။ ၈ တန်အလေးချိန်ရှိတဲ့ Envisat ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုဟာ ၂၀၁၂ ခုနှစ်က ကမ္ဘာပတ်လမ်းထဲ မှာ မထင်မှတ်ဘဲ ရပ်သွားပြီး အဲဒီမှာဆက်ရှိနေပါတယ်။ ကျောင်းကားအရွယ်လောက်ရှိတဲ့ အဲဒီဂြိုဟ်တုဟာ အာကာသထဲက အပျက်အစီးတွေထဲ အကြီးဆုံးဖြစ်ပြီး တခြား အာကာသ အပျက်အစီးတွေနဲ့ တိုက်မိပြီးတော့ တစစီဖြစ်သွားရင် အကြီး အကျယ် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း အန္တရာယ်ဖြစ်တဲ့ အခြေအနေထိရောက်ဖို့ရာ အပျက်အစီး ကြီးကြီးမလိုပါဘူး။ ကွာထွက်နေတဲ့ သုတ်ဆေး အစလေး တခုကြောင့် နိုင်ငံတကာအာကသယာဉ်ရဲ့ ပြူတင်းပေါက်တချပ် အက်သွားတယ်လို့ ယူဆထားကြတာပါ။

ဥရောပမှာတော့ ကမ္ဘာမြေကိုပတ်နေတဲ့ အာကာသ အပျက်အစီးတွေကို ရှင်းပစ်ဖို့အတွက် ပိုက်ကွန်ကြီးတွေ၊ ကြိုးတပ် မှိန်း လက်နက်ကြီးတွေကို တီထွင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG