တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ကပိုင်တယ်လို့ပြောထားတဲ့ ကျွန်းတကျွန်းနား ရေပြင်ကို အမေရိကန်စစ်သင်္ဘောတစီး ဝင်လာတာဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ ပြင်းထန်တဲ့ ရန်စမှုဖြစ်တယ်လို့ဆိုပြီး တရုတ်က သောကြာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါ တယ်။
တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို အမေရိကန် ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်၊ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေခဲ့တယ်လို့ သောကြာနေ့က ဘေဂျင်းမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်ကာကွယ်ရေးဌာနပြောခွင့်ရ Ren Guoqiang က ပြောသွား ပါတယ်။
အမေရိကန်ရေတပ်က ဖျက်သင်္ဘော USS Mustin ဟာ တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင်တယ်လို့ပြောတဲ့ ကျွန်းနားကနေ ကပ်ပြီး သောကြာနေ့အစောပိုင်းက ခုတ်မောင်းသွားတာပါ။ ဒါဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အရ လုပ်ဆောင်တာ ဖြစ်တယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။
အမေရိကန် ဖျက်သင်္ဘောကို တရုတ် ရေတပ်သင်္ဘောနှစ်စင်းက ရေပြင်ကနေထွက်သွားဖို့ သတိပေးခဲ့ပါတယ်။