သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် အုပ်ချုပ်ရေးပိုမိုထိရောက်စေနိုင်မလား


သမ္မတ ဦးဝင်းမြင့်
သမ္မတ ဦးဝင်းမြင့်

ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို အဓိကထား ကြပ်မတ်ကိုင်တွယ်သွားမယ်လို့ ပြောကြားခဲ့တဲ့ သမ္မတသစ် ဦးဝင်းမြင့်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ သောကြာနေ့က တွေ့ဆုံရာမှာ ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးတွေကို တိုက်တွန်းခဲ့ပါတယ်။

NLD အစိုးရသက်တမ်း နှစ်နှစ်ကျော်ကြာကာလအတွင်း လက်ရှိဝန်ကြီးတွေအနေနဲ့ အပြောင်းအလဲ၊ တိုးတက်မှုတွေအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ပြည်သူအများက ဝေဖန်နေချိန် အခု သမ္မတသစ် ဦးဝင်းမြင့်လက်ထက် ဦးစားပေးကိုင်တွယ်သင့်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်လို့ သုံးသပ်ချက်အမြင်တွေ ဘယ်လိုရှိသလဲဆိုတာ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သမ္မတဟောင်း ဦးထင်ကျော်လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အစိုးရဝန်ကြီးတွေနဲ့ သမ္မတသစ် ဦးဝင်းမြင့်တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၃၀)ရက်နေ့က နေပြည်တော် သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအကျိုးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ထမ်းဆောင်သွားကြဖို့၊ စိတ်တူကိုယ်တူ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် သွားကြဖို့ လိုအပ်ကြောင်း သမ္မတသစ် ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် သူရဲ့ သမ္မတသက်တမ်းကာလမှာ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှု တိုးတက် မြန်ဆန်အောင် အဓိကထားဆောင်ရွက်သွားမယ့်အကြောင်းကိုလည်း သောကြာနေ့က နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမိန့်ခွန်းမှာ သမ္မတသစ် ဦးဝင်းမြင့်က ပြောဆိုခဲ့ပါတယ်။

" ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ရပါလိမ့်မယ်။”

သမ္မတသစ်ဦးဝင်းမြင့်ဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ချိန်မှာ ဝန်ကြီးဌာနတွေရဲ့အကြောင်းကို အတော်လေး သိရှိထားပြီသားလို့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတွေက မြင်ပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ဝန်ကြီးဌာနတွေကို ပြောတဲ့အတိုင်း သေချာကိုင်တွယ်နိုင်မယ်လို့ လည်း သုံးသပ်ကြပါတယ်။ ဒီနေရာမှာ အဓိက စိန်ခေါ်မှုအခက်အခဲအကြီးမားဆုံးက ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပိုင်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကဆိုပါတယ်။

“ လက်ရှိဘဏ္ဍာရေးဘတ်ဂျက်ချထားပုံ စနစ်က အလုပ်တွေမဖြစ်အောင်ကို လုပ်ထားတဲ့ စနစ်ဖြစ်တယ်လို့ ပြောရင် ရကောင်းရလိမ့်မယ်လိ့ုထင်တယ်။ ဘဏ္ဍာရေးကော်မရှင် ဥက္ကဌအနေနဲ့ရော စပြီးအသေအချာလုပ်မယ်ဆိုလို့ရှိရင် တော်တော်ကြီးပြောင်းနိုင်တယ်။ ဒါပေမယ့် အဲဒီအလုပ်ရဲ့ ပမာဏကလည်း တော်တော်လည်း ကြီးမားနိုင်မယ်လို့ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘတ်ဂျက်ကိုအောက်ခြေကစပြီး ဆွဲတဲ့စနစ်ကို ပြန်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ပုံ ကိုင်ပုံကောင်းတွေကို ပြည်လည်တည်ဆောက်ဖို့လိုလာတယ်။ အဲဒီလုပ်ပုံကိုင်ပုံဟောင်းတွေနဲ့ အဆက်ပြတ်နေတဲ့အခါကျတော့ အရပ်ဘက် NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းလည်း ပွင့်မယ်။ နောက်ပြီးတော့ ချုပ်ကိုင်မှု ဖြေလျော့တာမျိုးလည်းဖြစ်မယ်။ ဒါကြောင့်မို့ ပြည်နယ်တိုင်းအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အလုပ်ကို လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်တဲ့သဘောတွေ တော်တော်ဖြစ်နိုင်တယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်”

၂၀၁၅ ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ တိုးတက်ပြောင်းလဲမှုတွေရှိအောင် ဆောင်ရွက်မှာဖြစ်တယ်လို့ ကတိပေးခဲ့ကြတာပါ။ အခု NLD အစိုးရ သက်တမ်း ၂ နှစ်ကျော်ကာလအတွင်း မျှော်လင့်သလောက် တိုးတက်မှုတွေမရှိသေးတဲ့အပေါ် သမ္မတသစ် ဦးဝင်းမြင့်လက်ထက် ဝန်ကြီးအသစ်တွေကိုပါ ပြောင်းလဲခန့်အပ်နိုင်မယ့် အလားအလာရှိပါသလား ဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာတင်မောင်သန်းက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ ဆရာဦးဝင်းမြင့်ဟာ အပြောမှန်တာထက် အမှန်ပြောတာကို ပိုပြီးတော့ သဘောကျတတ်တဲ့သူမျိုးလို့ ကျနော်ကတော့ ဒီလိုပဲ သဘောပေါက်ထားတယ်။ အဲဒီတော့ အမှန်ပြောတဲ့လူတွေရဲ့ စကားကို ပိုပြီးတော့ နားထောင်ချင်တဲ့ဟာက စပြီးတော့ လုပ်မယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတကြီးကစပြီး ဝန်ကြီးအသီးသီးကပေါ့နော်။ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတာတွေ၊ တကယ် ဝန်ထမ်းတွေကလည်းပြောခွင့်ပေးမယ့် ၊ အနီးပြောလို့ရှိရင် အပြောမှန်တဲ့ ပတ်ဝန်းကျင်ကနေ အမှန်ပြောတဲ့ ပတ်ဝန်းကျင်ဘက်ကို ရောက်နိုင်တယ်ဆိုလို့ရှိရင်တော့ အပြောင်းအလဲတွေဟာ တကယ်ဖြစ်ပေါ်လာမှာပါ။ အနည်းဆုံး လုပ်ငန်းခွင်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်မျိုး အလေးထားဖန်တီးမယ်ဆိုလို့ရှိရင်တော့ အပြောင်းအလဲတွေ အဖြစ်နိုင်စရာမရှိဘူးလို့ထင်တယ်“

မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဝါရင့်ခေါင်းဆောင်တဦးဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာစောင့်သိသူဖြစ်ပါတယ်။ သမ္မတအဖြစ် ပထမဆုံးအကြိမ်ပြောကြားတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပြည်သူတွေလိုလားနေတဲ့ အပြောင်းအလဲတွေ အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်သွားမယ့်အကြောင်း ကတိပေးပြောကြားခဲ့တာပါ။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးအာဏာမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍဆက်ပြီးရှိနေတဲ့ စနစ်အောက်မှာ အုပ်ချုပ်ရေးပိုင်းအရ အတွေ့အကြုံ အလုံအလောက်ရှိနေတဲ့ သမ္မတသစ် တဦးအနေနဲ့ ထိရောက်တဲ့အပြောင်းအလဲတွေဆောင်ရွက်နိုင်ဖို့ အများက မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG