မြောက်ကိုရီးယား နျူကလီယား တင်းမာမှုပြဿနာ အဖြေရှာနိုင်ရေး ဒီလနှောင်းပိုင်းလုပ်ဖို့ စီစဉ်ထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတစ်ခုကိုဒီနေ့ ကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုးရီးယား သမ္မတ Moon Jae-in တို့တက်ရောက်မဲ့ ဧပြီ ၂၇ ရက် လုပ်ဖို့ရှိတဲ့ ဒီ ထိပ်သီးဆွေးနွေးပွဲ ပြင်ဆင်ရေး အလုပ်အဖွဲ့အဆင့် ဆွေးနွေးပွဲကို၊နယ်စပ်ရွာ Panmunjom မှာ လုပ်ခဲ့ရာမှာလုံခြုံရေး၊ အခမ်းအနားလုပ်ငန်းစဉ်နဲ့ သတင်းထုတ်ပြန်မှု ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ပြင်ဆင်ထားကြပါတယ်။
တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ကဒီကြိုတင်ပြင်ဆင်ရေး ဆွေးနွေးပွဲကဆွေးနွေးချက်တွေကိုနောက်ဆုံးသဘောတူညီမှု မရသေးဘဲ ထုတ်ပြန်ကြေညာတာ မလုပ်ဖို့နှစ်ဖက် သဘောတူထားတယ်လို့ကြိုပြောထားပါတယ်။
နောက် ပြင်ဆင်ရေး အစည်းအဝေးတစ်ခုမှာလဲ Kim Jong Un အနေနဲ့ တောင်ကိုရီးယားဖက်က ဒီ Panmunjom ရွာလေးမှာ ကျင်းပမဲ့ ထိပ်သီးပွဲကို ဘယ်လိုလာရောက်မဲ့ ပုံစံအသေးစိတ်ကို ညှိုနှိုင်းကြဖို့ ရှိပါတယ်။
သတင်းမီဒီယာတွေထဲမှာတော့ Kim အနေနဲ့သင်္ကေတမြောက်အောင်တောင်-မြောက် ကိုရီးယား စစ်ရေး နယ်နမိတ် သတ်မှတ်ချက်လိုင်းကို လမ်းလျှောက်ဖြတ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒါ့အပြင် Kim နဲ့ Moon အဲ့ဒိနေ့မှာ ဘယ်နှစ်ကြိမ်တွေ့ကြမယ် ဆိုတာနဲ့ ဒီတွေ့ဆုံမှုတွေရဲ့ တစိတ်တပိုင်းကိုတိုက်ရိုက်ရုပ်သံကနေ ထုတ်လွှင့် မလွှင့်ဆိုတာတွေကို ဆွေးနွေးဖို့ ရှိပါတယ်။
၁၉၅၀-၅၃ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံစစ်ပွဲအပြီးတတိယအကြိမ်မြောက် ရှားရှားပါးပါးဖြစ်လာမဲ့ ဒီထိပ်သီးပွဲနောက်ပိုင်းမှာလဲ အမေရိကန်သမ္မတ Donald Trump နဲ့ Kim Jong Un တို့ရဲ့ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို မေလ ကုန်မှာ ကျင်းပဖို့ ရှိနေပါတယ်။