သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲအကြို မလေးရှားလွှတ်တော်ဖျက်သိမ်း


မလေးရှားနိုင်ငံမှာ ရှေ့လထဲ ကျင်းပဖို့ မျှော်လင့်ထားကြတဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးလိုက်တဲ့အနေနဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ ဝေဖန်ခံနေရပေမဲ့လည်း ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ် Najib ပြန်အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရ အမျိုးသားတပ်ဦးပါတီအပေါ် ထောက်ခံမှုတွေ ကျဆင်းခဲ့တဲ့အတွက် တိုးတက်အောင် ကြိုးပမ်းဖို့ ဖိအားပေး ခံနေရတာကြောင့် ဒီတကြိမ်ရွေးကောက်ပွဲဟာ သူ့ရပ်တည်ရေးအတွက် စမ်းသပ်မှုတခုလည်း ဖြစ်လာနိုင်ပါတယ်။ ဝန်ကြီးချုပ် Najib ကို အဓိက စိန်ခေါ်နေတာကတော့ အာရှတိုက်မှာ အုပ်ချုပ်မှုသက်တမ်း အကြာဆုံးအဖြစ် မလေးရှားနိုင်ငံကို ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အနားယူသွားတဲ့ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ပါ။ Mahathir ရဲ့ ပါတီကိုတော့ မှတ်ပုံတင်ဖို့ အထောက်အထားတွေ မလုံလောက်လို့ဆိုပြီး မနေ့တုန်းကပဲ ပါတီအဖြစ်ကနေ ယာယီဖျက်သိမ်းခံခဲ့ရပါတယ်။

Mahathir ကတော့ ဝန်ကြီးချုပ် Najib ဟာ အာဏာရှင်ဆန်ဆန် အတိုက်အခံတွေကို ခြောက်လှန့်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲကို မသမာတဲ့နည်းနဲ့ အနိုင်ရဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့တာပါ။ ဝန်ကြီးချုပ် Najib ရဲ့ ဒီကနေ့ ရုပ်မြင်သံကြားကနေ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့အတွက် မလေးရှားဘုရင်ရဲ့ ခွင့်ပြုချက်ကို စနေနေ့က ရရှိထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၅ မိနစ်ကြာ မိန့်ခွန်းထဲမှာတော့ တိုင်းပြည်အနာဂတ်ကောင်းဖို့ သူဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအပေါ် ထောက်ခံမှုပေးဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာပါ။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ မဲဆွယ်စည်းရုံးခွင့်ပြုမယ့် အချိန်သတ်မှတ်ပေးဖို့ အပါအဝင် ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်လို့တော့ ရွေးကောက်ပွဲ ကော်မရှင်က သီတင်းတပတ်အတွင်း တွေ့ဆုံစီစဉ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG