သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲ ပြင်းထန်ဆဲ


ကချင်စစ်ပွဲ။
ကချင်စစ်ပွဲ။

ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ ဒီကနေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး တနိုင်းနဲ့ ကားမိုင်းဒေသဖက်တွေမှာ တိုက်ပွဲပြင်းထန်သလို ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ လောလောဆည်မှာ တနိုင်းဖက်က စစ်ရှောင်တွေဟာ တောတောင်တွေဖက်ကို တိမ်းရှောင်နေရပြီး ဘာသာရေးအဖွဲ့အစည်းတွေက တနိုင်းမြို့ကို ခေါ်ယူဖို့ ကြိုးစားနေသလို ကားမိုင်းဖက်က စစ်ရှောင်တွေကတော့ ကားမိုင်းမြို့ပေါ်ကို လာရောက်နိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့ခင်း ၁နာရီနောက်ပိုင်းက စတင်ပြီး အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးဒေသတွေအပါဝင် မန်စီ၊ နမ္မတီး၊ တနိုင်းမြို့နယ်က KIA တပ်စခန်းတွေရှိရာ နေရာ အနည်းဆုံး ၅နေရာလောက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တနိုင်းဒေသဖက်နဲ့ ကာမိုင်းဒေသဖက်မှာ ဖြစ်ပွားနေတယ်လို့ သတင်းရရှိကြောင်း KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ တပ်မဟာ ၂ တနိုင်းဖက်က နမ့်ယန်းဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းတွေ ကြားပါတယ်။ ဘယ်လောက်အခြေအနေဖြစ်တယ်ဆိုတာတော့ ဘာမှ အခုထိ သတင်းတွေကတော့ မကြားရသေးဘူး။ နောက်ပြီးတော့ တပ်ရင်း၆ဖက်မှာလည်း တိုက်ပွဲဖြစ်တယ်ဆိုတာတော့ ကြားပါတယ်။ ကားမိုင်းတဝှိုက်ပေါ့။ အဲဒါကတော့ ရင်ဆိုင်တိုက်ပွဲလို့ ပြောကြတယ်။ မြေပြင်သတင်းတွေကတော့ အခုထိ မရသေးဘူး။ ”

KIA ဌာနချုပ် လိုင်ဇာအနီးဒေသမှာ ဒီကနေ့ ငြိမ်သက်နေကြောင်းနဲ့ KIA တပ်မဟာ၃ မန်စီဖက်မှာ ပစ်ခတ်တိုက်တာ မကြားသိရသေးကြောင်း ပြောပါတယ်။

တနိုင်းဒေသခံတဦးကတော့ တနိုင်းမြို့ အရှေ့ဘက်မှာအခြေစိုက်တဲ့ KIA တပ်မဟာ ၂ကို လေကြောင်းက တိုက်ခိုက်ရာမှာ အရပ်သားတဦးသေခဲ့ကြောင်းနဲ့ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်းပြောပါတယ်။

“ မနေ့ကတော့ တပ်မဟာ ၂ဖက်က ရွာ၃ရွာကို အပေါ်ကနေလာပစ်တာ။ အရပ်သားလည်း ၂ယောက်ထိတယ်။ တယောက်တော့ ဆုံးသွားပြီ။ မနေ့က သင်္ဂြု ိလ်လိုက်တယ်ပြောတယ်။ အခု အဲဒီရွာသားတွေက တောထဲမှာ ပုန်းနေကြတယ်။ အခုလည်း အောင်လော့ဒ်ရွာကလူတွေက သူတို့ ရွာအပြင်မှာ ထွက်ပြေးပြီးမှ လာကြိုပေးပါအုံးတဲ့။ ဒီက ဒကစကို မြို့မိမြို့ဖတွေ ဘာသာရေးခေါင်းဆောင်တွေ သွားပြောတော့လည်း အရပ်သားတွေကို ကယ်ထုတ်ပေးဖို့ကဘယ်လိုမှ မဖြစ်နိုင်သေးဘူးဖြစ်နေတယ်။ သူက အထက်ကို တင်ပြရအုံးမယ်ပြောတယ်တဲ့။ အခုအရပ်သားတွေက တောထဲမှာ ပုန်းနေကြတယ်။ ၄- ၅ ရာလောက်ရှိမယ်ထင်တယ်။”

KIA တပ်ရင်း၆တည်ရှိရာ ကာမိုင်း-ဖားကန့်ဒေသဖက်မှာလည်း ဒီနေ့ မနက်ခင်းက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲကြောင့်မန်ဝယ်ရွာကပြည်သူတွေဟာ သူတို့တို့ကျေးရွာကို စွန့်ခွာပြီး ကာမိုင်းမြို့ဖက်က တိမ်းရှောင်လာနေကြောင်း ကူညီရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“ မန်ဝယ်ဖက်မှာပေါ့နော်။ မန်ဝယ်ဖက်က ပြည်သူတွေကတော့ ဒီကနေ့ ထွက်လာဖို့တော့ အစီအစဉ်ရှိတယ်ဗျ။ လူဦးရေက ၁၆၀လောက်ရှိတယ်ဗျ။ အခုက အဲဒီဖက်မှာ သူတို့က ၂ဖက်တပ်တွေပေါ့နော်။ စစ်တပ်ကလည်း ထိုးစစ်တွေဆင်နေတယ်ဆိုတော့ ကျေးရွာနေပြည်သူတွေက မထွက်မနေ ထွက်ရတော့မှာလေ။ အဲဒါကြောင့်။ အခုက မန်ဝယ်ဖက်နေ ချောင်းဝ၊ဝေခါဖက်ကနေ ခေါ်ထုတ်ဖို့ အစီအစဉ်ရှိတယ်ဗျ။ ကျနော်တို့က ကာမိုင်း ပက်ဆန်ယန်မှာ နှစ်ချင်းဘုရားကျောင်းမှာ နေရာချထားဖို့ပြင်ဆင်နေတယ်။ ”

မန်ဝယ်ရွာနဲ့ ကားမိုင်းမြို့ဟာ မိုင်၆၀နီးပါးလောက် ကွာဝေးကြောင်းလည်းပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက KIA တပ်မဟာ ၂လက်အောက်ခံ ဖားကန့်ဒေသက တပ်ရင်း ၆နဲ့ တနိုင်းဒေသက တပ်ရင်း ၁၄တို့ကို အစိုးရတပ်မတော်က ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။ ဒီလ ၆ရက်နေ့ကတော့ KIA တပ်ရင်း ၆က မြစ်ကြီးနား-ဖားကန့်လမ်းက တံတားညီနောင် အစိုးရတပ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့သလို တပ်ရင်း ၁၄ကလည်း တနိုင်းဒေသက ရွှေမှော် ၊ ပယင်းမှော်ရှိရာဒေသတွေကို ပြောက်ကျားစစ်ဆင်ရေးဆင်နွဲမှာဖြစ်ကြောင်း သတိပေးခဲ့ပြီးတဲ့နောက်မှာ တပ်မတော်က KIA ရဲ့ တပ်စခန်းအတော်များများကို ဒီလ ၁၁ရက်နေ့က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကချင်တိုက်ပွဲ ပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:03:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG