သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲဟောင်း James Comey ကို အလုပ်ထုတ်ပစ်ရတဲ့အတွက် သမ္မတTrump ဂုဏ်ယူ


FBI အကြီးအကဲဟောင်း James Comey
FBI အကြီးအကဲဟောင်း James Comey

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲဟောင်း James Comey ဟာ ရိုးသားဖြောင့်မတ်မှု မရှိသူတဦးဖြစ်ပြီး၊ ရာထူးက ဖြုတ်လိုက်ရတဲ့အတွက်လည်း ဂုဏ်ယူကြောင်း သမ္မတ Donald Trump က ဒီနေ့ပဲ ပြောဆိုလိုက်ပါတယ်။ A Higher Loyalty: Truth, Lies, And Leadership လို့ အမည်ပေးထားတဲ့ စာအုပ်ကို FBI ညွှန်ကြားရေးမှူးဟောင်း ရှေ့သီတင်းပတ်ထဲ ထုတ်ဝေဖို့ ကြော်ငြာနေချိန်မှာပဲ သမ္မတ Trump ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။

FBI ရဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကို နှောက်ယှက်ခဲ့တယ်လို့ ညွှန်ကြားရေးမှူးဟောင်းက စွပ်စွဲခဲ့ဖူးပြီး၊ သူ့ကိုလည်း ရာထူးက ဖယ်ရှားခဲ့တဲ့ သမ္မတနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့တဲ့ ကိစ္စတွေလည်း စာအုပ်ထဲမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ FBI အကြီးအကဲဟောင်းဟာ သတင်းပေါက်ကြားသူ၊ လူလိမ်တဦးဖြစ်ကြောင်း အထောက်အထားတွေ ရှိသလို၊ ဝါရှင်တန် နိုင်ငံရေးလောကမှာ လူတိုင်းနီးပါးက သူ့ရဲ့ဆိုးရွားလှတဲ့ လုပ်ရပ်တွေအတွက် ရာထူးကဖြုတ်ဖို့ စဉ်းစားနေကြောင်းလည်း သမ္မတက Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။

လျို့ဝှက်သတင်းတွေကို ပေါက်ကြားမှုအတွက် အရေးယူရမယ့်သူ ဖြစ်သလို၊ ကွန်ဂရက် လွှတ်တော် ရှေ့မှောက်မှာလည်း ကျမ်းသစ္စာကျိန်ဆိုပြီး လိမ်လည်ထွက်ဆိုခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက် ဖြစ်ခဲ့တဲ့ ဒီမိုကရက်ကိုယ်စားလှယ် Hillary Clinton ရဲ့ မရိုးဖြောင့်တဲ့ ကိစ္စတွေကို FBI ညွှန်ကြားရေးမှူးအဖြစ် ကိုင်တွယ်ရာမှာလည်း သမိုင်းတွင်လောက်အောင် ညံ့ဖျင်းခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ FBI အကြီးအကဲရဲ့ မှတ်တမ်းအတွေ့အကြုံစာအုပ် မကြာခင် ထုတ်ဝေဖို့ ရှိနေချိန်မှာပဲ၊ သမ္မတ Donald Trump ကို ထောက်ခံသူတွေကလည်း အင်တာနက် အွန်လိုင်းလှုပ်ရှားမှုနဲ့ တန်ပြန်သွားဖို့ ပြင်ဆင်နေပါတယ်။

FBI ညွှန်ကြားရေးမှူးဟောင်းအပေါ် ထင်ရှားတဲ့ အတိုက်အခံ ဒီမိုကရက်တွေရဲ့ ဝေဖန်ချက်တွေကိုပါ ကိုးကားထားတဲ့ Lyin’Comey.com လိမ်နေတဲ့ Comey ဆိုတဲ့အမည်နဲ့ အင်တာနက် ဝဘ်ဆိုဒ်တခုကိုလည်း ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီက ဖန်တီးလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်ထဲက သဘောထားပြင်းထန်သူ အုပ်စုကလည်း စာအုပ်မှာပါတဲ့ အချက်အလက်တွေ မှန်-မမှန် စစ်ဆေးဖို့ ပြင်ဆင်နေပြီး၊ မှားယွင်းပြောဆိုချက်တွေ၊ ရှေ့နောက်မညီတာတွေရှိရင် ချက်ခြင်းတုံ့ပြန်နိုင်အောင် ဝဘ်ဆိုဒ်ကို အသုံးပြုသွားမှာ ဖြစ်ကြောင်းလည်း Fox News သတင်းဌာနက ဖော်ပြခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG