သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားရောက် မြန်မာတို့ရဲ့ သင်္ကြန်


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မှာ မြန်မာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Chapel Hill မှာ မြန်မာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်

အတာသင်္ကြန် နှစ်သစ်ကူးပွဲတော်ကို အမေရိကန်ပြည်ထောင်စုအပါအဝင် ဗြိတိန်၊ ဥရောပ၊ သြစတြေးလျ စတဲ့ နိုင်ငံတကာရောက်ရှိနေတဲ့ မြန်မာနွယ်ဖွားတွေလည်း ဆင်နွဲနေကြပါတယ်။ ရေခြား မြေခြားက သင်္ကြန်ပွဲ ဆိုပေမယ့် သက်ကြီးရွယ်အို ကန်တော့ပွဲနဲ့ စတုဒီသာကျွေးမွေးပွဲတွေလည်း ရိုးရာမပျက် ကျင်းပခဲ့ကြတာပါ။

အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှာ သင်္ကြန်အကျနေ့ မနေ့က မြန်မာ့ရိုးရာ အစဉ်အလာနဲ့ အညီ ကျင်းပခဲ့တာတွေကိုတော့ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်အရှေ့ဘက်ခြမ်းမှာ မနေ့က ရာသီဥတု အတော်လေးကောင်းမွန်တာကြောင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာပါလ်ဟေးမြို့မှာ မြန်မာသင်္ကြန်အတိုင်း ရေပက်ကစားပြီး ပျော်ရွှင်စွာကျင်းပနိုင်ခဲ့တယ်လို့ စီစဉ်သူတဦးဖြစ်တဲ့ ကိုထက်အောင်က ပြောပါတယ်။

" အပူချိန်ကတော့ ၈၂ ဒီဂရီ ဖာရင်ဟိုက်လောက်ရှိတယ်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကြတယ်။ နောက် ဘုန်းကြီးကျောင်း ရံပုံငွေ ဈေးရောင်းပွဲပေါ့နော်။ အားလုံး စုပေါင်းညီညာစွာနဲ့ ကျင်းပကြတာပါ။ မြန်မာပြည်သားအားလုံးကလည်း ကိုယ့်ယဉ်ကျေးမှုအရရော နောက် သက်ကြီးပူဇော်ပွဲလည်း လုပ်တယ်၊ ဘုရားရေသပ္ပာယ်ကြည်ညိုကြတယ်။ သင်္ကြန် ဖျော်ဖြေပွဲ၊ သီဆိုပွဲတွေလည်း လုပ်တယ်။ အားလုံးစုပေါင်းလုပ်တဲ့အတွက် အခက်အခဲမရှိပါဘူး။ "

အလားတူ မယ်ရီလန်းပြည်နယ်၊ Silver Spring မြို့မှာရှိတဲ့ မင်္ဂလာရာမ ဘုန်းကြီးကျောင်းမှာ သက်ကြီးရွယ်အို ပူဇော်ပွဲနဲ့ စတုဒီသာ ကျွေွးမွေးပွဲ ကျင်းပခဲ့ရာမှာ ဒီနှစ် ထူးခြားချက်အဖြစ် မိသားစုတစုက ဒေါ်လာ ၂၀၀၀ တန် စိန် ပတ္တမြား ဘယက်ကို ကံစမ်းမဲအဖြစ် ဖောက်ပြီး လှူဒါန်းခဲ့ကြောင်း စီစဉ်သူ တဦးဖြစ်တဲ့ ဦးယဉ်ထွေးက ဗွီအိုအေကို ပြောပါတယ်။

"အလှုရှင်တွေကလည်း ဆေးဝါးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်လှုဒါန်းတဲ့အပြင် ကြွရောက်လာတဲ့ လူထုပရိတ်သတ်ကိုလည်း စတုဒီသာနဲ့ ကျွေးမွေးတယ်။ ဒီကြားထဲမှာလည်း မိသားစုတစုကနေပြီးတော့ သူ့ရဲ့ အဖွားကိုရည်စူးပြီးတော့ အဖွားပိုင်တဲ့ ပတ္တမြားလည်ဆွဲကို ကံစမ်းမဲအနေနဲ့ တစောင်ကို ဒေါ်လာ ၂၀ နှုန်းနဲ့ ရောင်းချတယ်။ ရတဲ့ ပိုက်ဆံကို မင်္ဂလာရာမ ဘုန်းကြီးကျောင်းကိုလှုဒါန်းတယ်ပေါ့နော်။ အဲဒီကနေ ရောင်းချလို့ရတဲ့ ဒေါ်လာငွေပေါင်း ၅ထောင်ကျော်ရှိတဲ့အတွက် ပေါ့လေ။ အဲတာကလည်း သူတို့ကို ဝမ်းသာပီတိဖြစ်စေတဲ့ သတင်းလေးတပုဒ်ပေါ့ခင်ဗျ "

စိန်ပတ္တမြား ဆွဲကြိုး (အလှူရှင်မြေးဖြစ်သူ မဧကရီမောင်)
စိန်ပတ္တမြား ဆွဲကြိုး (အလှူရှင်မြေးဖြစ်သူ မဧကရီမောင်)

အဆို၊ အကတွေပါဝင်မယ့် သင်္ကြန်ပွဲတော်ကိုတော့ ရာသီဥတု ပိုပြီးသာယာကောင်းမွန်တဲ့ မေလမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဦးယဉ်ထွေးက ဆိုပါတယ်။

မြန်မာနွယ်ဖွား အများစုနေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာလည်း ဒီကနေ့ သင်္ကြန်အကြပ်နေ့မှာ သင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ မနေ့က ရာသီဥတု အတော်လေး အေးနေပေမယ့်လည်း ဇေတဝန်ကျောင်းမှာပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲကို လူအများအပြား တက်ရောက်ခဲ့ကြောင်း ဖိုဒ်ဝိန်းမြို့မှာ နေထိုင်တဲ့ အဆိုတော် ဒေါ်မာမာအေးက ပြောပါတယ်။

"အန်တီတို့ ချမ်းလို့ ခု အနွေးထည် နှစ်ထပ်ဝတ်ထားရတယ်။ အပေါ်မှာ တခါ ထပ်ပြီးတော့ ခြုံစောင်က အထူယူလာရသေးတယ်။ လက်အိတ်တွေလည်း စွပ်ထားရသေးတယ်။ အကုန်လုံးက။ အခု ကန်တော့ခံမယ့် လူကြီးပေါင်းက ၅၀ ကျော်ရှိပါတယ်။ ယောင်္ကျား၊ မိန်းမပေါ့နော်။ အခုအထဲမှာ စည်းကားနေပါတယ်။လူတွေ အများကြီးပဲ "

ရေခြား၊ မြေခြားရောက်နေကြပေမယ့် ရိုးရာသင်္ကြန်ပွဲတော်အချိန်အခါရောက်ပြီဆိုရင် အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပကြသလို မျိုးဆက်သစ်တွေကိုလည်း ဓလေ့ရိုးရာလက်ဆင့်ကမ်းရာလည်း ရောက်ကြောင်း သင်္ကြန်ပွဲ စီစဉ်သူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG