တောင်အာဖရိက နိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ အထင်ကရ ပုဂ္ဂိုလ်တဦးလည်းဖြစ်၊ ၂၀၀၉ ခုနှစ်ကနေ ဒီလအစောပိုင်း ကွယ်လွန်သွားချိန်ထိ ပါလီမန်အမတ်ဖြစ်ခဲ့သူ Winnie Madikizela-Mandela ရဲ့ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကို စနေနေ့က ကျင်းပပါတယ်။ နိုင်ငံမိခင်ဆိုပြီး သူ့ကိုထောက်ခံသူတွေ တင်စားခေါ်ဝေါ်ကြတဲ့ Winnie Mandela ဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးလူစွမ်းကောင်းတဦးဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ရဲ့ ဇနီးတဦးဖြစ်ခဲ့သလို Nelson Mandela ထောင်သွင်းအကျဉ်းကျခံထားရတဲ့ ၂၇ နှစ်တာကာလအတွင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ယူခဲ့တာပါ။
Winnie Mandela ရဲ့ ဈာပန အခမ်းအနားကို သူ့ရဲ့ဇာတိ ဂျိုဟဲနက်စ်ဘာ့ဂ် Johannesburg မြို့က Soweto အရပ်မှာ ကျင်းပရာမှာ လူပေါင်း ၄ သောင်းနီးပါး တက်ရောက်လာကြတာပါ။ Winnie Mandela ဟာ အမှန်တရားကို တောင်းပန်စကားမပါပဲ ကျယ်ကျယ်လောင်လောင်ပြောဆိုတတ်သူဖြစ်တယ်လို့ သမ္မတ Cyril Ramaphosa ချီးကျူးဂုဏ်ပြုရင်းပြောဆိုသွားပါတယ်။
Orlando အားကစားရုံမှာကျင်းပတဲ့ နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားကိုတော့ လူအများအပြားတက်ရောက်လာတာဖြစ်ပါတယ်။