ဧပြီလ ၁၅ ရက်၊ မဟာသင်္ကြန်အကြတ်နေ့ တနင်္ဂနွေနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေး မြေငလျင်စခန်း အနောက်ဘက် ၁၉ မိုင်လောက်အကွာမှာ ဗဟိုပြုပြီးတော့ ပြင်းအား ၄.၃ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီငလျင်လှုပ်ခတ်သွားတာကို မြို့ခံတွေလည်း သိလိုက်ကြပါတယ်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံဘက်မှာ နေထိုင်တဲ့ ရန်ကုန်မြို့ခံတဦးက သူ့အတွေ့အကြုံကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"မနက် ၄:၅၅ လောက်ကပေါ့လေ၊ လှုပ်ပြီးတော့ ကျနော်နိုးလာတယ်။ နိုးလာတော့ ဘေးက မိန်းမကို၊ အမျိုးသမီးကိုရော သမီးကိုရောမေးကြည့်တယ်။ သူတို့ကို နှိုးလည်းပြီးရော ကျနော်လည်း အောက်ကိုဆင်းကြည့်တော့ ရေတိုင်ကီထဲက ရေတွေ လှုပ်နေတာ၊ ဘောင်ဘင်ခတ်နေတာကိုတွေ့ရတယ်။ အဲဒီလိုတော့ သတိထားမိပါတယ်ခင်ဗျ။
လှုပ်ခတ်သွားတာ ငလျင်ငယ်ဖြစ်တယ်လို့ မိုးဇလထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ထိခိုက် ပျက်စီးမှုအခြေအနေနဲ့ ပတ်သက်လို့ တော့ မသိရသေးပါဘူး။