ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက် ထုတ်လုပ်ရေးဆိုင်ရာ အဓိကဒေါက်တိုင်တွေကို ဖျက်ဆီးဖို့အတွက် သူတို့ရဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို ထိုးဖောက် ကျော်ဖြတ်ပြီး ချေမှုန်းခြင်းအားဖြင့် ဆီးရီးယားအစိုးရနဲ့ သူတို့ကိုထောက်ခံသူတွေကို အခိုင်အမာ သတင်းစကားတခု ပြောလိုက်တာဖြစ်တယ်လို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ယုံကြည်ပါတယ်။
အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် သုံးနိုင်ငံပူးပေါင်းပြီး စနေနေ့မနက်အစောပိုင်းက ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်လိုက် တာပါ။ ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ဆိုင်တဲ့ နေရာသုံးခုကို ဒုံးကျည် ၁၀၅ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ နေရာတခုက ဒမတ်စ်ကပ်စ်မြို့တော်မှာဖြစ်ပြီး နောက်နှစ်နေရာကတော့ လက်ဘနွန်နယ်စပ်အနီး Homs မြို့မှာပါ။ အဲဒီသုံးနေရာ စလုံးကို မိနစ်ပိုင်းစီပဲခြားပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာပါ။
ဒုံးကျည်အစင်းတိုင်းဟာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှု တခုခုမဖြစ်အောင် ရှောင်ရှားပြီးတော့ အဆောက်အဦးတွေ လုံးဝပျက်စီးသွားအောင် ခြေမှုန်းလိုက်နိုင်တယ်ဆိုတာ ကနဦး ဆန်းစစ်ချက်တခုကနေ တွေ့ရတယ်လို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ကို သီးခြားစီ တယ်လီဖုန်းဆက်ပြီး စကားပြောပါတယ်။ ဆီးရီးယားလူထုအပေါ် သမ္မတ ဘာရှာ အယ်လ်-အာဆဒ်က ဓာတုလက်နက်သုံးပြီး နောက်ထပ် တိုက်ခိုက်တာကို တားဆီးဖို့ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ အောင်မြင်ပြီး လိုအပ်တယ်လို့ ခေါင်းဆောင်သုံးဦးစလုံးက အခိုင်အမာပြောကြပါတယ်။