သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်


တနိုင်းဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်များ ( သတင်းဓာတ်ပုံ-Hkun Awng Nlam)
တနိုင်းဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်များ ( သတင်းဓာတ်ပုံ-Hkun Awng Nlam)

စစ်ရေးတင်းမာမှုတွေဖြစ်နေဆဲ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်နှစ်ထောင်ကျော် ပိတ်မိနေတာကို အမြန်ဆုံး အရေးပေါ်ကူညီကယ်ထုတ်ပေးဖို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို အကူညီတောင်းခံတင်ပြထားပေမဲ့ အခုအချိန်အထိ ကချင်ပြည်နယ် အစိုးရဘက်က အကြောင်းမပြန်ကြားသေးဘူးလို့ ကချင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ သမ္မတသစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အခုလိုသင်္ကြန်ကာလကြီးမှာ အသက်လုပြေးနေရတဲ့ ထောင်ချီတဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် ထိရောက်တဲ့အရေးပေါ်ကူညီမှုတွေ အမြန်ဆုံး အလေးအနက်ထားဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိယန်ကျေးရွာနဲ့ ဆွတ်ရာကျေးရွာတွေနားမှာ ကချင်ပြည်နယ်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့ကစပြီး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အောင်လောဒ်ကျေးရွာသားတဦးသေဆုံးပြီး တဦး ဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။ အခုလိုမျိုး စစ်တပ်ဘက်က ဝေဟင်ကရော မြေပြင်ကပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာနေတဲ့အတွက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေအပါအဝင် ရွာသား နှစ်ထောင်ကျော်လောက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရပြီး အတော်လေး ဒုက္ခတွေ့နေကြရတယ်လို့ ဒုက္ခသည်ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

ပိတ်မိနေတဲ့ပြည်သူတွေက သူတို့ကိုကူညီကယ်ထုတ်ပေးဖို့ ဆက်သွယ်လာတဲ့အတွက် တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကွပ်ကဲရေးမှူးကို အကူညီတောင်းပေမဲ့ မရခဲ့လို့ ဧပြီလ ၁၄ရက်နေ့ ရက်စွဲနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့-ဝန်ကြီးချုပ်ကို ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ (တနိုင်းမြို့နယ်)ကနေ ဒုက္ခသည်တွေကို အမြန်ဆုံး အရေးပေါ်ကူညီ ကယ်ထုတ်ပေးဖို့ ဝန်ကြီးချုပ်ကို အကူညီတောင်းခံတဲ့စာပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ အခုချိန်အထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ နောက် ကချင်အစိုးရနဲ့ သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က ဒုက္ခသည်တွေအရေး အကြောင်းပြန်ကြားလာတာမရှိသေးဘူးလို့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်က ပညာရေးဆိုင်ရာတာဝန်ခံတဦးဖြစ်တဲ့ ဦးသင့်ငြိမ်းကပြောပါတယ်။

"ဒီ လိုင်နောင်ခူးဆိုတဲ့နေရာနဲ့ တနိုင်းဘက်က အောင်လုဒ် ဆိုတဲ့နေရာ နှစ်ခုက ပြည်သူတွေ စစ်ပြေးရင်းနဲ့ တောထဲမှာ နေနေရတဲ့အခြေအနေဖြစ်နေတာ။ အခုက ဘယ်သူမှ ဆက်သွယ်လို့မရတဲ့အခြေအနေပေါ့နော်။ အဲ့တာကို မြစ်ကြီးနားက အဖွဲ့ပေါင်းစုံတွေက စာထုတ်တာပေါ့ မနေ့က။ အဲ့တာကို အစိုးရဘက်က ဘာမှ တုန့်ပြန်တာမရှိသေးဘူး အခုထက်ထိ။ အစိုးရဆိုတာ responsibility နဲ့ accountability ဖြစ်ရမှာပေါ့။ တာဝန်ခံမှု၊ တာဝန်ရှိမှု ပြုလုပ်သင့်တယ် ထင်တယ်။ လက်တွေ့ဆန်ဆန်နဲ့ပါဝင်သင့်တယ်လို့ မျှော်လင့်ပါတယ်။

တနိုင်းဘက်ကမှာ ဒုက္ခသည်နှစ်ထောင်ကျော်လောက်ပိတ်မိနေတဲ့အနေအထားကို သမ္မတသစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေဘက်က အရေးပေါ် ကူညီကယ်ဆယ်မှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးသင့်ပါပြီလို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ထွယ်ဂျန်ဒါနဲ့ ဖောင်ဒေးရှင်းအဖွဲ့က ဒေါ်နန်ပူကလည်းပြောပါတယ်။

" ကျမတို့အနေနဲ့ကတော့ အစိုးရတရပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေချင်တယ်။ ဒီလို ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ပစ်မထားပဲနဲ့ အမြန်ဆုံး ကယ်ထုတ်ခွင့်၊ ကယ်ထုတ်နိုင်ဖို့ရန်အတွက် အစီအစဉ်တွေ လမ်းကြောင်းတွေရှာဖို့အတွက် လိုတယ်လို့မြင်တယ်။

သမ္မတအသစ်အနေနဲ့ကလည်း နုတ်ဆိတ်မနေပဲနဲ့ ဒီကိစ္စကို အမြန်ဆုံးလုပ်ပေးသင့်တယ်လို့မြင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်းပဲ ဒီကိစ္စကို အမြန်ဆုံး နည်းလမ်းရှာပြီးတော့ အမြန်ဆုံးဖြေရှင်းပေးဖို့လိုတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဖွင့်ပွဲသွားပြီး ပျော် ကချင်တွေကလည်း ပျော်နေကြတယ်။ အဲ့သလိုဖြစ်နေကြတဲ့အချိန်မှာ တနိုင်းမှာ ကိုယ့်ကချင်ပြည်နယ်ထဲမှာပဲ ကိုယ့်ပြည်သူတွေအများကြီး နှစ်ထောင်ကျော် ဒုက္ခရောက်နေတာကို ဘာမှ မလုပ်ပေးပဲ ဘာမှ မပြောပေးပဲ ကျမတို့အနေနဲ့ မလိုချင်ဘူးပေါ့နော်။"

ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အတွက် တောထဲပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်ထောင်ချီဟာ ဒီရက်ပိုင်းအတွင်းမှာပဲ သောက်သုံးရေနဲ့ စားနပ်ရိက္ခာပြတ်တောက်နိုင်လို့ သူတို့ဆီကို အမြန်ဆုံး လူသားချင်းစာနာမှုအကူညီတွေပေးပို့နိုင်ဖို့ ပိတ်မိနေတဲ့သူတွေကို အမြန်ဆုံးကယ်ထုတ်ပေးဖို့ လိုအပ်နေပြီလည်း ဒုက္ခသည်ကူညီပေးနေသူတွေကပြောပါတယ်။

ထွယ်ဂျန်ဒါဖောင်ဒေးရှင်းက ဒေါ်နန်ပူပြောပြတာကတော့-

" လူပေါင်းနှစ်ထောင်ကျော်လောက်က သူတို့ ဘယ်ကိုမှ ထွက်လို့မရ ဘယ်ကိုမှ သွားလို့မရ ဖြစ်နေတဲ့အနေအထားက စိုးရိမ်စရာပါ။ နောက်ထပ် သုံးလေးငါးရက်လောက်ဆိုရင် ရိက္ခာတွေပြတ်လပ်သွားနိုင်တယ်။ ရှိတာလေးတွေကို ဝိုင်းစားနေကြတာ ကုန်ခါနီးပြီပေါ့ စိုးရိမ်စရာပေါ့ ဘယ်မှာလည်းသွားလို့မရဖြစ်နေတာက မိုင်းထောင်တယ်လေ။ မိုင်းထောင်ထားတော့ ဘယ်မှ သွားလို့မရဘူး အထူးသဖြင့်တော့ ကလေးငယ်တွေပေါ့ အမျိုးသမီးတွေ မိခင်တွေ အတွက်ကို ကျမတို့အရမ်းစိုးရိမ်တယ် အမြန်ဆုံး လုံခြုံတဲ့နေရာကို ရောက်စေချင်တယ်။"

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဦးသင့်ငြိမ်းကလည်း အခုလိုပြောပါတယ်။

"အရေးကြီးတာက ကလေးငယ်တွေနဲ့အသက်ကြီးတဲ့လူတွေအတွက် နေထိုင်မှု စားသောက်မှုပေါ့။ အခုလိုင်နောင်ခူးဘက်ကဆိုရင် သူတို့ရအောင်ဆက်သွယ်နေတယ်။ ဒါပေမဲ့ အပြင်ဘက်ကသူတွေရော အထဲကသူတွေကလည်း ထွက်လာလို့မရဘူးအခြေအနေဖြစ်နေတယ်။"

လတ်တလောအခြေအနေမှာတော့ ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့နေသလို ဒီကနေ့ညနေပိုင်းအထိကို ကချင်ပြည်နယ် မိုင်ဂျာယန်အနီးနဲ့ IDP စစ်ပြေးဒုက္ခသည်စခန်းရှိရာနေရာတွေမှာ လက်နက်ကြီး ကျည်ကျသံတွေကို ဆက်တိုက်ဆိုသလို ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်

နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ ပိုပြီးတော့မှ ပြင်းထန်လာပြီး အရပ်သား ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တဲ့အတွက် စစ်ပြေးဒုက္ခသည်တွေနဲ့ သူတို့ကိုကူညီပေးနေတဲ့အဖွဲ့တွေဘက်က ဒေသတွင်းလုံခြုံမှုနဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်မှုတွေတိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG