သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားလူငယ် သံချပ်အဖွဲ့သုံးဖွဲ့ ဖျော်ဖြေမှု ပိတ်ပင်ခံရ


ပိတ်ပင်ခံရတဲ့ သံချပ်အဖွဲ့တွေ ပေါင်းပြီး သံချပ်ထိုးနေကြစဉ်။ (ဧပြီလ ၁၆-၂၀၁၈) သတင်းဓာတ်ပုံ Credit to-အိုးဝေသံ(သံချပ်)
ပိတ်ပင်ခံရတဲ့ သံချပ်အဖွဲ့တွေ ပေါင်းပြီး သံချပ်ထိုးနေကြစဉ်။ (ဧပြီလ ၁၆-၂၀၁၈) သတင်းဓာတ်ပုံ Credit to-အိုးဝေသံ(သံချပ်)

မြန်မာ့ရိုးရာ မဟာအတာရေသဘင်ပွဲတော် နောက်ဆုံးနေ့ ဖြစ်တဲ့ ဧပြီလ ၁၆ရက်နေ့ ဒီကနေ့ သင်္ကြန်အတက်နေ့မှာ မြန်မာနိုင်ငံအဝှမ်း ပြည်သူတွေ မြန်မာ့ရိုးရာအစဉ်အလာမပျက် ပျော်ရွှွှင်စွာရေပက်ကစားနေကြသလို သင်္ကြန်ယိမ်းအဖွဲ့တွေနဲ့ သံချပ်အဖွဲ့တွေကလည်း သင်္ကြန်မဏ္ဍပ်တွေမှာ လိုက်လံဖျော်ဖြေနေကြချိန်မှာပဲ သင်္ကြန်သံချပ်အဖွဲ့သုံးဖွဲ့ကို ဆင်ဆာမတင်ထားတဲ့အတွက်ဆိုပြီး သင်္ကြန်မဏ္ဍပ်တွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက လိုက်လံပိတ်ပင်နေတယ်လို့ အပိတ်ခံလိုက်ရတဲ့ အိုးဝေအသံ သံချပ်အဖွဲ့ကပြောပါတယ်။ အိုးဝေအသံ၊ ဒေါင်းတို့မျိုးဆက်နဲ့ ဒို့အသံဆိုတဲ့ ကျောင်းသားသမဂ္ဂကကျောင်းသားလူငယ်တွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ကဦးစီးတဲ့ သံချပ်အဖွဲ့ သုံးဖွဲ့ကို ပိတ်ပင်တာဖြစ်ပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

သင်္ကြန်အတက်နေ့မှာ လိုက်လံဖျော်ဖြေဖို့ စီစဉ်ထားတဲ့ မဏ္ဍပ်တွေမှာ သံချပ်ထိုးခွင့် ဆင်ဆာခွင့်ပြုချက်ရမထားတဲ့ သံချပ်အဖွဲ့တွေကို အဓိကပိတ်ပင်တာဖြစ်တယ်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေက အကြောင်းပြချက်နဲ့ အပိတ်ခံရတဲ့ သံချပ်အဖွဲ့တွေကတော့ အိုးဝေပညာရေးနဲ့လူငယ်ရေးရာက စီစဉ်တင်ဆက်တဲ့-ကျောင်းသား လူငယ်တွေရဲ့ အိုးဝေအသံသံချပ်အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ ဒို့အသံသံချပ်အဖွဲ့နဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ တင်ဆက်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဖြစ်ပါတယ်။

အခုလိုမဏ္ဍပ်တွေမှာ သံချပ်ထိုးခွင့် ပိတ်ပင်ခံလိုက်ရပေမဲ့လို့ ဒီကနေ့ သင်္ကြန်အတက်နေ့ ညနေခင်းမှာတော့ အပိတ်ခံရတဲ့ သံချပ်အသင်းတွေဖြစ်တဲ့ ဒေါင်းတို့မျိုးဆက် ၊ အိုးဝေသံ ၊ ဒို့အသံ သံချပ်သုံးဖွဲ့ပေါင်းပြီး ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းရှေ့မှာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

( သံချပ်အသံ)

အခုလိုစုပေါင်းပြီးသံချပ်ဖျော်ဖြေနေကြချိန်မှာပဲ အိုးဝေသံသံချပ်အဖွဲ့ရဲ့ ခေါင်းဆောင် ကိုမင်းသွေးသစ်ကိုသံချပ်အဖွဲ့တွေကို သင်္ကြန်မဏ္ဍပ်တွေမှာ ဖောျ်ဖြေခွင့်မရအောင် ဘယ်သူတွေက ပိတ်ပါသလဲ ဘာကြောင့်အပိတ်ခံရပါသလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ- သူက အခုလိုစဖြေပါတယ်။

မင်းသွေးသစ်။ ။ ပြည်ထဲရေးက လာပိတ်ပင်တာပါ ထွေအုပ်နဲ့ရဲတွေက လာပိတ်ပင်တာပေါ့။ ကျနော်တို့သံချပ်အဖွဲ့တွေကို သူတို့ရဲ့အကြောင်းပြချက်ကတော့- ဆင်ဆာမတင်ထားလို့လို့ပြောပါတယ်။ ဒါပေမဲ့ ဆင်ဆာမတင်တဲ့သံချပ်အဖွဲ့တွေ အများကြီးရှိတဲ့အထဲမှာမှ ဒေါင်းတို့မျိုးဆက်ရယ် ကျနော်တို့ အိုးဝေသံရယ် ဒို့အသံရယ် ဒီသုံးဖွဲ့ကိုပဲ လာပိတ်တာပါ။ ကျနော်တို့ကတော့ ဒီသံချပ်ကိစ္စဆိုတာက ရိုးရာဓလေ့အရကိုက သံချပ်ဆိုတာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အုပ်ချုပ်သူ လူတန်းစား အစိုးရကို ဝေဖန်တာဖြစ်တယ်။ နောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံလို့တောင် ပြောနေကြချိန်မှာ ဒီလိုမျိုး ဒီမိုကရေစီရဲ့ စံနှုန်းသဘောထားကို ထိခိုက်စေတဲ့ Freedom of Expression ကို ထိခိုက်စေတဲ့ ဥပဒေတွေ အမိန့်တွေ ထုတ်ပြန်ပြီး တားဆီးတာမျိုးကို ကျနော်တို့ သဘောမကျဘူး ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံတန်ဖိုးတွေကို ယုတ်လျော့စေတယ်။ မှတ်ကျောက်တန်ဖိုးတွေကို ယုတ်လျော့စေတယ်လို့မြင်တဲ့အတွက် ကျနော်တို့ရဲ့ သံချပ်တွေမှာလည်း ဆင်ဆာထုတ်တဲ့စည်းကမ်းချက်ထဲမှာပါထားတဲ့လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေဖို့အတွက်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲစေဖို့အတွက်တို့ လူပုဂ္ဂိုလ်တဦးတယောက်ကို ဦးတည်ချက်ထားပြီး ပုဂ္ဂိုလ်ရေးထိခိုက်စေနိုင်တာတို့ စကားလုံး ဘာတခုမှ မပါဘူး။ ဒါကြောင့် ကျနော်တို့က တင်စရာမလိုဘူးလို့ နားလည်ပြီးသားဖြစ်တယ်။ ကျနော်တို့ရဲ့သံချပ်တွေမှာ တိုင်းပြည်မှာဖြစ်နေတဲ့ အမှန်တရားတွေကိုပဲ ကျနော်တို့က ရေးစပ်ဆိုထားတာဖြစ်တယ်။ ဒီအမှန်တရားတွေကို နားမထောင်နိုင်ဘူးဆိုရင်တော့ မှားနေလို့ပဲဖြစ်မယ်လို့ပြောချင်ပါတယ်။

မဆုမွန်။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီလိုမျိုး သံချပ်တွေကို ပိတ်ပင်တဲ့အနေအထားအပေါ် သက်ဆိုင်တဲ့တာဝန်ရှိတဲ့သူတွေကို ဘာသတင်းစကားပြောချင်လဲ။

မင်းသွေးသစ်။ ။ ကျနော်တို့အနေနဲ့ စစ်တပ်နဲ့ တွဲပြီးတော့ NLD အစိုးရကို သိက္ခာကျတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါ ကျနော်တို့ရင်ထဲက အမှန်တရားပဲ။ တလျောက်လုံး လက်တွဲပြီးတော့ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့ကြတယ်။ အစိုးရဖြစ်လာပြီးတော့မှ ပြည်သူတွေက မေတ္တာပျက်သွားမှာကို ကျနော်တို့ မလိုလားပါဘူး။ အုပ်ချုပ်သူ အစိုးရဆိုတာ ပြည်သူနဲ့ပဲနီးစပ်တာကောင်းပါတယ်။ တခြား ခရိုနီတွေနဲ့ နီးစပ်နေတာ စစ်တပ်တွေနဲ့ နီးစပ်နေတာ ဆိုရင် အစိုးရအနေနဲ့ သိက္ခာကျဖို့ပဲရှိတယ်လို့ ကျနော်တို့ အစိုးရကို စေတနာစကားပြောချင်ပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ရဲ့ သံချပ်တွေထဲ စပ်ဆိုထားပြီးသားပါ။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ သံချပ်ထိုးတဲ့ အလေ့အထဟာ ရိုးရာအစဉ်အလာတရပ်ဖြစ်ခဲ့ပြီး အရင် အာဏာရှင်တွေခေတ်က ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ်တဲ့ သင်္ကြန်သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိသလို သံချပ်စာသားတွေကို ဆင်ဆာ ကြိုတင်ရတာတွေ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖော်ဆောင်တဲ့အနေနဲ့ ပြည်သူ့ဆန္ဒ နိုင်ငံရဲ့ လက်တွေ့အခြေအနေ ပြည်သူတွေရဲ့လက်တွေ့ဘဝတွေကို ထင်ဟပ်စေမယ့် သင်္ကြန်သံချပ်တွေ ဆင်ဆာကင်း လွတ်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့လို့ သင်္ကြန်အတက်နေ့မှာပဲ အာဏာပိုင်တွေဘက်က လိုက်လံပိတ်ပင်တားဆီးခဲ့တာဖြစ်တယ်လို့ သင်္ကြန်သံချပ်အဖွဲ့တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG