သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် မြန်မာစစ်အရာရှိတွေကို ဒဏ်ခတ်ဖို့ ဗြိတိန်ကြိုးပမ်း


ရိုဟင်ဂျာအရေး ဗြိတိန်အောက်လွှတ်တော် ကော်မတီတခုမှာ ဧပြီလ ၁၆ ရက်နေ့က ဆွေးနွေးနေကြစဉ်။
ရိုဟင်ဂျာအရေး ဗြိတိန်အောက်လွှတ်တော် ကော်မတီတခုမှာ ဧပြီလ ၁၆ ရက်နေ့က ဆွေးနွေးနေကြစဉ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေကို လာမယ့်သီတင်းပါတ်တွေအတွင်း EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ဖို့ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာအရေး ဗြိတိန်အောက်လွှတ်တော် ကော်မတီတခုမှာ ဧပြီလ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ကြတာမှာ မြန်မာနိုင်ငံစ စ်တပ်အပေါ် အရေးယူဒဏ်ခတ်ဖို့ ဗြိတိန်အမတ်တချို့က တိုက်တွန်းခဲ့ကြတာပါ။ တာဝန်ရှိတဲ့ တပ်မတော်တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ဗြိတိန်အနေနဲ့ EU အဖွဲ့ဝင်နိုင်ငံ အားလုံးဆီက သဘောတူညီချက်ရရှိထားတယ်လို့ အာရှ Pacific ဒေသဆိုင်ရာဝန်ကြီးက အဲဒီဆွေးနွေးပွဲမှာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာတွေနဲ့ပါတ်သက်လို့ ဗြိတိန်အောက်လွှတ်တော် အသနားခံလွှာများဆိုင်ရာ ကော်မတီ (Petitions Committee) မှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဖက်ကို ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးကစလို့ ခုလိုဒုက္ခည် ၇ သိန်းလောက် တဖက်နိုင်ငံဖက်ထွက်ပြေးခဲ့ရမှုအတွက် တာဝန်ရှိသူတွေကို အရေးယူရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်း လုံခြုံရေးတပ်တွေရဲ့နယ်မြေရှင်းလင်းမှုတွေမှာ အင်မတန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံ ဖက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေက စွပ်စွဲထားကြတာပါ။ ဒါကြောင့် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရလက်ခံလာအောင် ဖိအားပေးဖို့ ကော်မတီဥက္ကဋ္ဌ Labour လွှတ်တော်အမတ် Helen Jones က ခုလိုအကြံပြုပါတယ်။

"ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကိစ္စ နိုင်ငံတကာရာဇဝတ်ပြစ်မှုတရားရုံး ICC ကို ကုလသမဂ္ဂတင်ပြတာမှန်ကန်တယ်ဆိုတာကို ဗြိတိန်အစိုးရက ပြတ်ပြတ်သားသား ပြောဖို့ မျှော်လင့်ပါတယ်။ ဒီလိုအဆိုပြုချက်ကို တရုတ်နဲ့ရုရှားတို့က ပယ်ချလိမ့်မယ်လို့ စောဒက တက်ကြမှာကိုလည်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို အခုပြတ်ပြတ်သားသားပြဖို့လိုပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံ အပေါ် EU က လက်နက်ရောင်းချတင်ပို့မှုကို ပိတ်ဆို့ထားပေမဲ့ တကမ္ဘာလုံး အတိုင်းအတာနဲ့ မလုပ်သေးပါဘူး။ ဒီကိစ္စကို အရေးပေါ်လုပ်ဖို့လိုပါတယ်။ တတိယအနေနဲ့ မြန်မာစစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ပြီး အရေးယူရပါမယ်။ ငွေကြေးပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တာမျိုးလောက်နဲ့ မရပါဘူး။ ဗြိတိန်မှာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ များများစားစားမရှိတဲ့အတွက် ထိရောက်မှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေနဲ့ ဗြိတိန်လုပ်ငန်းတွေ အတူတွဲအလုပ်မလုပ်နိုင်အောင် အသေအချာလုပ်ဖို့လိုပါတယ်။"

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို ကမ္ဘာကြီးက တနေ့မှာ နမူနာယူဖို့လိုပါတယ် လို့လည်း လွှတ်အမတ် Helen Jones ကပြောပါတယ်။ လူမျိုးစုတခု ပြစ်မှတ်ထားခံနေရတာ။ အကြမ်းဖက်မှုတွေ တိုးလာတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေမယ် ဆိုရင် ဘာမှမလုပ်တဲ့အကျိုးဆက်တွေဖြစ်လာမှာဖြစ်ပြီး။ လက်ပိုက်ကြည့်နေကြသူတွေဟာလည်း အကြမ်းဖက်မှုကျုးလွန်သူတွေဖြစ်သွားလိမ့်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ပြစ်မှတ်ထားအရေးယူမယ်ဆိုရင် စစ်တပ်အပေါ် ပြစ်မှတ်ထားရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးအထူးသံတမန် Conservative လွှတ်တော်အမတ် Paul Scully ကလည်း ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ ခုဖြစ်နေတဲ့ ပြဿနာတွေရပ်သွားအောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ ဆုံးဖြတ်အမိန့်ပေးရင် နက်ဖြန်မှာ ချက်ချင်းရပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့အနေနဲ့ စစ်တပ်နဲ့ တပ်နဲ့ဆိုင်တဲ့ အဖွဲ့တွေအပေါ် ပြစ်မှတ်မှာ အရေးယူဒဏ်ခတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် ခြုံပြီးအရေးယူပိတ်ဆို့တာကိုတော့ ကျွန်တော်အကြံမပေးချင်ပါဘူး။ ခြုံပြီးဒဏ်ခတ်အရေးယူဒဏ်ခတ်မယ်ဆိုရင် တခြားပြည်သူတွေ။ ပဋိပက္ခတွေရှိနေတဲ့ ကချင်ပြည်နယ်။ ရှမ်းပြည်မြောက်ပိုင်းနဲ့ တခြားတိုင်းရင်းသားဒေသတွေကိုပါ ထိခိုက်စေပါတယ်။ အဲဒီပြည်နယ်တွေမှာ လတ်တလောကပဲ တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေခံထားရတာပါ။ ဆိုတော့ ဒဏ်ခတ်မှုတွေကို ခြုံပြီးလုပ်ရင် တခြားပြည်သူတွေလည်း ခံရပါလိမ့်မယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက တစည်းတလုံးထဲ တုံ့ပြန်ရမှာဖြစ်ပါတယ်။"

ဗြိတိန်အောက်လွှတ်တော်မှာ တနင်္လာနေ့က ဆွေးနွေးပွဲအတွင်း လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဗြိတိန်နိုင်ငံခြားရေးဌာန အာရှ Pacific ဒေသဆိုင်ရာဝန်ကြီး Mark Field ကဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုနဲ့ဆိုင်တဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ရင် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်မှုတွေရဲ့ သက်ရောက်မှုတွေကို ခန့်မှန်းရ တွက်ချက်ရခက်ခဲတဲ့အတွက် ဗြိတိန်က မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်တာ အားမပေးခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တပ်မတော်ထိပ်တန်း တာဝန်ရှိသူတွေအပေါ် EU အနေနဲ့ အရေးယူဒဏ်ခတ်ဖို့ ဗြိတိန်က ဆောင်ရွက်ခဲ့တာကို ခုလို ပြောပါတယ်။

"မြန်မာနိုင်ငံက သာမန်ပြည်သူတွေရဲ့ ဘဝတွေ ပိုပြီးခက်ခဲသွားမယ့် အခြေအနေမျိုးကို ကျွန်တော်တို့က ရှောင်ရှားချင်ပါတယ်။ ဒီလိုပြောလို့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ မလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ နဲ့ စက်တင်ဘာလတွေတုန်းက ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့ လုပ်ရပ်တွေမှာ တိုက်ရိုက်တာဝန်ရှိတဲ့ စစ်တပ်ထိပ်တန်းတပ်မှူးကြီးတွေရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေ သွားလာလှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်နိုင်မယ့် အရေးယူမှုတွေလုပ်ဖို့ ဗြိတိန်က တက်တက်ကြွကြွဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဒဏ်ခတ်ပိတ်ဆို့ဖို့ EU အဖွဲ့ဝင်နိုင်ငံအားလုံးဆီက သဘောတူညီမှုကို ရရှိထားပြီးပါပြီ။ လာမယ့်သီတင်း ၂ ပါတ် ဒါမှမဟုတ်ရင် ရှေ့လထဲမှာ အပြည့်အဝ အကောင်အထည်ဖော်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"

ရခိုင်ပြည်မြောက်ပိုင်းအရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပါတ်သက်လို့လည်း သူနဲ့ အာရှနိုင်ငံတွေကတာဝန်ရှိသူတွေ အမြဲဆွေးနွေးတယ်လို့ပြောပါတယ်။ ဒီလကုန်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်အနေနဲ့ ဗြိတိန်က မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေကို သွားလေ့လာတဲ့အခါ ပြဿနာဖြေရှင်းနိုင်မယ့် အဖြေတွေကို ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်အောက်လွှတ်တော်ဆွေးနွေးပွဲမှာ အာရှ Pacific ဒေသဆိုင်ရာဝန်ကြီး Mark Field က ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG