သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေး ကုလလက်ထောက်အကြီးအကဲ စိုးရိမ်


လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ်။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူညီပေးနိုင်ရေး အခြေနေတွေဟာ မနှစ်ကစပြီး သိသိသာသာ ဆိုးဝါးလာနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမှုတွေဟာ အပြုသဘောဆောင်ကြောင်းနဲ့ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေ အဟန့်အတားမရှိ အကူညီပေးနိုင်ရေးအတွက် ခွင့်ပြုလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမူးရုံးရဲ့ အရေးပေါ်ကယ်ဆယ်ကူညီရေးဆိုင်ရာ ဒုတိယအကြီးအကဲလည်း ဖြစ်တဲ့ Ursula Mueller ဟာ ဧပြီလ ၁၇ ရက်နေ့မှာ နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူညီပေးနိုင်ရေး အခြေနေဟာ အတော့်ကိုဆိုးနေတယ်လို့ ပြောပါတယ်။

"လူသားချင်းစာနာမှု အကူညီပေးနိုင်ရေးအခြေနေဟာ ပြီးခဲ့တဲ့နှစ်ကစလို့ သိသိသာသာ ဆိုးဝါးလာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာတင် မကပဲ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း သိပ်ဆိုးပါတယ်။ လူသားချင်းစာနာမှု အကူညီပေးရေး ကို ဖြတ်တောက်လိုက်မယ် ဆိုရင် လူတွေရဲ့ နေမှုထိုင်မှုတွေကို ပါထိခိုက်စေတာပါ။ ကျမ ရခိုင်ပြည်နယ်ကိုရော ကချင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတချို့ကိုပါ သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဒေသတွေမှာ အကြမ်းဖက်မှုတွေနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေရဲ့ ဒဏ်ကို ခံနေရသူတွေကို သူတို့ အရေးတကြီး လိုအပ်နေတဲ့အကူညီတွေ မပေးနိုင်တာက အဓိကအချက်ပါ။"

ရခိုင်ပြည်နယ်မှာ မောင်တောနဲ့ ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့သလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ပါတွေ့ဆုံခဲ့ပြီး မွတ်စလင်ဒေသခံ တွေအတွက် သွားလာခွင့် ကန့်သတ်ထားတာတွေ ရုပ်သိမ်းဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ ရှိတဲ့ဒုက္ခသည်တွေရဲ့ အခြေနေတွေဟာ အတော်ဆိုးဝါးနေပြီး နိုင်ငံတကာက အာရုံစိုက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေအတွက်သာမက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်ဒုက္ခသည် ၄ သိန်းအတွက်ပါ ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းခဲ့တာပါ။

ကုလအတွင်းရေးမှုးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို တိတိကျကျ လိုက်နာ အကောင်ထည်ဖေါ်ဖို့လည်း ပန်ကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီလိုအပ်နေသူ မှန်သမျှ တယောက်မကျန် အကူအညီရအောင် လုပ်ပေးဖို့လည်း အလေးထား ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံ မြောက်ပိုင်းကိုပါ သွားရောက်ခဲ့တဲ့ ကုလလက်ထောက် အတွင်းရေးမှုးချုပ်ဟာ ကချင်ပြည်နယ်မှာ INGO နဲ့ NGOs တွေအပြင် IDP ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရ သူတွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပြီး IDP စခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ လိင်ကွဲပြားမှု ပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေ ခံနေရကြောင်းနဲ့ လုံခြုံစိတ်ချရတဲ့ ဝန်းကျင်နဲ့ အကာကွယ်တွေ လိုအပ်နေကြောင်းမစ္စ Mueller ကပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ၂၀၁၁ ကစပြီး အခုထိ ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်း နေရသူက တသိန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ကုလအဖွဲ့တွေ လူသားချင်းစာနာမှု အကူညီ လွတ်လပ်စွာပေးနိုင်ရေးအတွက် မေတ္တာရပ်ခံခဲ့တယ်လို့လည်း ကုလလက်ထောက်အတွင်းရေးမှုးချုပ် မစ္စ Mueller က ပြောပါတယ်။

"ကျမ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ရမှာတော့ ပဋိပက္ခ အဆုံးသတ်ရေးရဲ့ အရေးပါမှုအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို အားဖြည့်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ငြိမ်ရေး ဖွံ့ဖြိုးရေးတွေကို ဆက်လက်ထောက်ခံအားပေးသွားဖို့ သန္နိဋ္ဌာန် ခိုင်မာမှုကိုလည်း ကျမ ထပ်ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေထံကို လူသားချင်းစာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ လူသားချင်းစာနာမှု အကူညီတွေပေးနေတဲ့ အဖွဲ့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးမယ့် အချက်ကတော့ လူ့အဖွဲ့အစည်းကြား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်နှစ်ခုမှာ ပါဝင်တဲ့အတွက်ကြောင့်လည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ဖို့လည်း သူကပြောခဲ့ပါတယ်။ ကျမကတော့ လူသားချင်းစာနာမှု အထောက်အကူပြုသူတွေအနေနဲ့ အဟန့်အတားမရှိ ဒုက္ခသည်တွေကို အကူညီပေးနိုင်ဖို့ ထပ်တလဲလဲ တင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကိုသာ ဦးစားပေး တာတွေ့ရပါတယ်။ "

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ကာကွယ်ရေးဝန်ကြီးအပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာတော့ အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း မစ္စ Mueller က ပြောပါတယ်။

" ကျမ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ကာကွယ်ရေးဝန်ကြီးနဲ့ တခြားစစ်ဖက် အရာရှိတွေနဲ့ ကျမ တွေ့ဆုံဆွေးနွေးရာမှာ သိပ်ကိုအပြုသဘောဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်တဦးအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ရရှိရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရခိုင်ပြည်နယ်မှာ ဖြစ်ထွန်းတိုးတက်မှုတွေ ဖော်ဆောင်နိုင်ရေးအကြောင်းတွေကို ကျမ ရှင်းပြနိုင်ခဲ့တာပါ။ ကျမတို့ အခုလို တွေ့ဆုံအပြီးမှာ မြန်မာအစိုးရက လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးပွဲ ခေါ်ယူပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေက ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ကျမသိခဲ့ပါတယ်။ ဒါတွေကို အပြုသဘောဆောင်တဲ့ လက္ခဏာရပ်တွေလို့ယူဆပြီး ကျမတို့ ဘက်က ရှေ့ဆက်ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။"

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သွားလာရေးနဲ့ ပတ်သက်ပြီး အကန့်အသတ် ခံရမှု ရှိမရှိ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာတော့ မရှိကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟောင်း Vijay Nambia ရဲ့နေရာမှာ အစားထိုးခန့်ထားမယ့်သူနဲ့ ပတ်သက်ပြီး အတွင်းရေးမှုးချုပ် Antonio Guterres က ရွေးချယ်ပြီး ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG