သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လာဖို့ခေါ်ပေမယ့် ကချင်ဒုက္ခသည်တွေဘာကြောင့် မပြန်နိုင်လဲ


ပိတ်မိနေတဲ့တနိုင်းစစ်ပြေးဒုက္ခသည်များ (သတင်းဓာတ်ပုံ-Hkun Awng Nlam)
ပိတ်မိနေတဲ့တနိုင်းစစ်ပြေးဒုက္ခသည်များ (သတင်းဓာတ်ပုံ-Hkun Awng Nlam)

ကချင်ပြည်နယ်တနိုင်းဒေသကစစ်ရှောင်ရွာသားတွေအနေနဲ့ KIOနဲ့ အဆက်သွယ် မရှိတဲ့သူတွေ မိမိတို့နေရင်းရပ်ရွာ ကိုပြန်နိုင်ကြောင်း မြန်မာ့တပ်မတော်ဖက်က ကျေညာထားပေမဲ့ လုံခြုံရေး အာမခံချက်မရှိတဲ့ အခြေအနေကြောင့် ရွာ မပြန်ရဲကြဘူးလို့ ဘာသာရေးအသင်းတော်တာဝန်ရှိသူတွေကပြေပါတယ်။ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်KIAတို့တိုက်ပွဲအကြား ပိတ်မိနေတဲ့ ရွာသား(၂၀၀၀)ခန့် ဟာ တောတောင်ထဲမှာနေထိုင်နေရဆဲ ဖြစ်ပြီးအခက်ခဲတွေ နဲ့တွေ့ကြုံနေရတယ်လို့လဲ ကချင်အမျိုးသမီးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ အပြည့် အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန် ကပြောပြ ပေးမှာပါ။

မြန်မာ့တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်KIAတို့တိုက်ပွဲအကြားပိတ်မိနေတဲ့ ကချင်ပြည်နယ် တနိုင်း မြို့နယ်က စစ်ရှောင်ရွာသားတွေအနေနဲ့ မိမိတို့ရဲ့ကျေးရွာ ကိုပြန်ကြဖို့ တပ်မတော်ကနေ မနေ့ညနေပိုင်း တနိုင်း မြို့အတွင်း လှည့်လည်ကြေညာနေခဲ့ပါတယ်။

တပ်မတော်ဖက်ကနေ စစ်ရှောင်ရွာသားတွေ KIAကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အဆက်သွယ်မရှိတဲ့သူတွေ နေရပ်ပြန်နိုင်ပြီးလို့ ကန့်သတ်ပြောဆိုခဲ့တာကြောင့် နေရပ်ပြန်ရေးအတွက်အခက်ခဲတခုလို့ သင်းအုပ်ဆရာ ဦးတန်ဂွန်းကပြောပါ တယ်။

"မနေ့က တနိုင်းမှာစစ်တပ်ကားနဲ့ကျေညာတဲ့အထဲမှာ အဆက်သွယ်မရှိတဲ့တဲ့သူတွေ ဘာညာတို့ပြောတဲ့အထဲမှာ အဲဒီဘက်မှာအားလုံးက အဆက်သွယ်မရှိဘူးဆိုပေမဲ့ အားလုံးမိသားစုတွေ မိတ်ဆွေတွေဘဲဖြစ်နေတော့လေ ဆိုတော့ အားလုံး ကကြောက်မှာဘဲ။ အဲဒီလိုစဉ်းမျဉ်းစည်းကမ်းတွေချထားပြီဆိုရင်တော့။ ကျွန်တော်ထင်တာ တော့ပြန်လာဖို့ကတော့နဲနဲခက်လိမ့်မယ်ထင်ပါတယ်။"

ဒါ့အပြင် တနိုင်းအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစမှူးကလဲ တနိုင်းအခြေစိုက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တာဝန်ရှိသူတွေကိုခေါ်ယူတွေ့ဆုံပြီး စစ်ရှောင်ရွာသားတွေ နေရပ်ပြန်ဖို့တိုက်တွန်းပြောဆိုခဲ့တယ်လို့ကက်သလစ် အသင်းတော်က ဆရာနော်တောင်ကပြောပါတယ်။

"ဒကစအနေနဲ့ကျွန်တော်တို့ကိုခေါ်ပြီးမှ အောင်လော့ကျေးရွာ ဆွတ်ရိယန်တို့ ဆွတ်ရာတို့ရွာတွေအားလုံး တပ်မ တော်အနေနဲ့ အားလုံး နယ်မြေ ရှင်းလင်းပြီးသားဖြစ်တယ်။ အဲတာပြန်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျွန်တော် တို့ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေကသွားရောက်ပြီးမှ သူတို့နဂို အိမ် ရွာတွေကို လူထုတွေကို ရွာသားတွေကို ပြန်လာနေဖို့ အဲတာတွေကိုသူတို့ညွှန်ကြားတာရှိပါတယ်။"

တပ်မတော်အနေနဲ့ တနိုင်းမြို့အတွင်း စစ်ဘေးဒုက္ခသည်စခမ်းဖွင့်လှစ်ထားရှိမှာမလိုလားဘူးလို့ ဒကစမှူးပြောဆို ခဲ့ကြောင်း ဆရာနော်တောင်ကအခုလိုဆက်ပြောပါတယ်။

"တပ်မတော်အနေနဲ့ကတော့ တနိုင်းမြို့ထဲမှာ စစ်ပြေးဒုက္ခသည်အနေနဲ့ နေဖို့ကတော့သူတို့ခွင့်မပြုနိုင်ဘူးလို့ပြော ပါတယ်။"

ကချင်ပြည်နယ် တနိုင်းမြို့နယ်က အောင်လောဒ်ကျေးရွာ၊ ဆွတ်ရိယန်ကျေးရွာနဲ့ ဆွတ်ရာကျေးရွာသား (၂၀၀၀) နီးပါးခန့်ဟာ မြန်မာ့တပ်မတော် နဲ့ကချင် လွတ်လပ်ရေးတပ် KIAတို့အကြားပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်နေ့တုန်းက ဖြစ်ပွါးနေတဲ့ တိုက်ပွဲကြောင့် နေရပ်ကနေတိမ်းရှောင်လာနေခဲ့တာပါ။

ဒေသတွင်းမှာလဲနှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲအခြေနေကြောင့် နေရပ်ရင်းကိုပြန်ဖို့မဖြစ်နိုင် သေးဘူးလို့ စစ်ရှောင်ရွာသားတွေ နဲ့ဆက်သွယ်မေးမြန်း ချက်အရ ကချင်ပြည်နယ်အမျိုးသမီးများ ကွန်ယက် အဖွဲ့ဝင် ဒေါ်အောင်ဂျာက အခုလိုပြောပါတယ်။

"ဖုန်းကနေတဆင့်ပေါ့နော် ကျွန်မတို့ Women Network ကနေကြားသိရတာကတော့ တပ်မတော်ဘက်က လော်နဲ့ ပေါ့နော် ကျေညာထားပေမဲ့ ရွာသားတွေနေပြီးတော့မှ သူတို့ရဲ့အသက်အာမခံချက်ကို ပေးနိုင်မယ်လို့ မခံစားရတဲ့ အတွက်ပေါ့နော်။ တဦးတယောက်မှလာပြီးတော့မှ ပြန်လည်နေရာယူ တာတွေတော့ မရှိဘူးလို့ကြားသိရတယ်။ သူ တို့ ရဲ့လက်ရှိအခြေအနေ ကတော့ပိုပြီးတော့ ခက်ခဲတယ်လို့ကြားသိရတယ်။ သူတို့ကတောနက်ထဲမှာ နဂိုယူခဲ့တဲ့ ဆန်ဆီဆားတွေလဲကုန်သွားပြီး။ အိပ်ရတာ ကလဲမြေကြီးပေါ်ဖြစ်တယ်ပေါ့။ သက်ကြီးရွယ်အိုနဲ့ကလေးတွေ နောက် ပြီး တော့ကိုယ်ဝန်ဆောင်မိခင်တွေကတော့ ပိုမိုပြီးတော့ပြဿနာတွေရှိနေတယ်။ အဟာရပြတ်လတ်တာတွေ ဖြစ်နေ တယ်။ ဆိုးဝါးတဲ့အခြေအနေမှာဖြစ်နေ တယ်လို့ကြားသိရတယ်။"

စစ်ရှောင်ကျေးရွာသားတွေဟာ အောင်လောဒ်ကျေးရွာမြောက်ဘက် တောအစပ်မှာစခမ်းချထားပြီး နှစ်ဖက်တိုက်ပွဲ တွေကြောင့် ကြောက်လန့်တကြား ထွက်ပြေးလူစုကွဲနေသလို စားဝတ်နေထိုင်ရေးအတိဒုက္ခရောက်နေပါတယ်။

လက်ရှိအခြေအနေမှာ တပ်မတော်နဲ့KIOတို့ အကြားတိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေကိုတော့ ဗိုလ်မှူးကြီး ဇော်ဂမ် ကအခုလိုပြောပါတယ်။

"တခါတလေ လက်နက်ကြီးနဲ့ ဌာနချုပ်ပစ်တာလောက်ရှိတယ်။ ခြိမ်းခြောက်ပစ်တဲ့သလောမျိုးလောက်ပေါ့။ အဓိကဖြစ်နေတာ တပ်မဟာ(၂)နယ်မြေ တနိုင်း အောင်လောဒ် အဲဒီဘက်ရယ်။ နောက်ပြီးတော့ရင်း(၁၄)ရှိတဲ့ ပယင်းမှော် ရွှေမှော်ဒေသတွေရယ်။ နောက်ပြီးဖါးကန့်ဂွင်ထဲမှာလဲဖြစ်နေတယ်။"

KIOလိုင်ဇာဌာနချုပ်နဲ့မိုင်ဂျာယန်မြို့အနီးပတ်ဝန်းကျင်တွေမှာတော့ ဧပြီလ(၁၆)အထိ တပ်မတော်ကနေ လက် နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေပေမဲ့ ဒီရက်ပိုင်းတွေမှာ ပစ်ခတ်မှုမရှိဘူးလို့ ဗိုလ်မှူးကြီးဇော်ဂမ် ကပြောပါတယ်။

၂၀၁၁ မေလကစပြီး တပ်မတော်နဲ့KIOအကြားတကျော့ပြန်စစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူတသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

KIOဟာ NCAလမ်းကြောင်းကိုလက်မခံတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) မြောက် ပိုင်းမဟာမိတ်အဖွဲ့ဝင်လဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG