သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ရလဒ်ကောင်းမျှော်လင့်


မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တောင်ကိုရီးယားသမ္မတ ပုံ တောင်ကိုရီးယားသတင်းမီဒီယာမှာ ဖော်ပြတဲ့ပုံ။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တောင်ကိုရီးယားသမ္မတ ပုံ တောင်ကိုရီးယားသတင်းမီဒီယာမှာ ဖော်ပြတဲ့ပုံ။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ အောင်မြင်ရေးဟာ ရှေ့သီတင်းပတ်ထဲ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးတွေ့ဆုံမှု အပေါ်မှာသာမက၊ နောက်ပိုင်းမှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ထိပ်သီးတွေ့ဆုံမှု အပေါ်မှာပါ မူတည်နေကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ နျူကလီးယား ကင်းစင်ရေး သဘောတူညီချက်ရနိုင်မယ့် အလားအလာနဲ့ မြောက်ကိုရီးယား စီးပွားရေးအတွက် နိုင်ငံတကာက အကူအညီတွေ ရနိုင်မယ့် အလားအလာတွေကို တွေ့မြင်နေရကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားမှာ နျူကလီးယားကင်းစင်ရေး အလားအလာနဲ့ ပတ်သက်လို့ မနေ့တုန်းက သမ္မတ Trump က မှတ်ချက်ပေး ပြောဆိုခဲ့ပြီးနောက်မှာပဲ တောင်ကိုရီးယားသမ္မတရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သမ္မတ Trump ကတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ရဲ့ မကြာသေးခင်က ပြုံယမ်းမြို့တော် လျို့ဝှက်ခရီးစဉ်ဟာ ချောချောမောမော ရှိခဲ့ကြောင်း ပြောဆိုထားတာပါ။

နျူကလီးယား ကင်းစင်ရေး အစီအစဉ်တွေကို အပြည့်အ၀ ဆောင်ရွက်ပြီး၊ အတည်ပြုနိုင်သလို၊ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ အနာဂတ်ဟာလည်း တောက်ပြောင်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် တခုလုံးမှာ ဘေးအန္တရာယ်ကင်းပြီး၊ ငြိမ်းချမ်းသာယာတဲ့နေ့ကို တွေ့မြင်ရဖို့ မျှော်လင့်ထားကြောင်းလည်း ဖလော်ရီဒါပြည်နယ်မှာ ရောက်နေစဉ် မနေ့ကပဲ သမ္မတ Trump က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဆွေးနွေးမှုတွေ မျှော်လင့်သလို ဖြစ်မလာနိုင်တဲ့ အခြေအနေကိုလည်း သတိပေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေမှာ ရလဒ်မတွေ့ရရင် တွေ့ဆုံမှုတွေ ဆက်လုပ်မှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက်လည်း ညှိနှိုင်းမှုတွေ ရှိနေကြောင်း သမ္မတ Trump က အတည်ပြုပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG