သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆိုင်ရာ သဘောတူညီမှုက ကန် မနုတ်ထွက်ဖို့ ဥရောပ အမတ်တွေ တိုက်တွန်း


EU-အီရန်အရေးဆွေးနွေးပွဲ ( မတ် ၁၆-၂၀၁၈)
EU-အီရန်အရေးဆွေးနွေးပွဲ ( မတ် ၁၆-၂၀၁၈)

အီရန်နျူကလီးယားအရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ထောက်ခံကြဖို့နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စာချုပ်ကနေ နုတ်ထွက်တာမျိုး လုပ်မသွားစေဖို့ တိုက်တွန်းတဲ့စာတစောင်ကို ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ လွှတ်တော်အမတ် ၅၀၀ ကျော်တို့ ပူးပေါင်းပြီး အမေရိကန်လွှတ်တော်အမတ်တွေဆီကို ကြာသပတေးနေ့က ပို့လိုက်ပါတယ်။

၂၀၁၅ ခုနှစ် သဘောတူစာချုပ်ထဲက အန္တရာယ်ရှိတဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ သမ္မတထရမ့်ပ်က တောင်းဆိုထားပြီး သဘောတူစာချုပ်ကနေ အမေရိကန် ထွက်မယ် မထွက်ဘူးဆိုတာကို မေလ ၁၂ ရက်နေ့မှာ နောက်ဆုံးထား ဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ရုရှား၊ တရုတ်တို့နဲ့ အီရန်နိုင်ငံကြား အဲဒီသဘောတူညီချက်ကို ရယူခဲ့ တာဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်စီးပွားရေးကို အထိနာစေတဲ့ စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေးထားတာပါ။

အရင်သမ္မတ ဘရာ့ခ် အိုဘားမားလက်ထက်က ရယူူခဲ့တဲ့ အဲဒီသဘောတူစာချုပ်ဟာ စေ့စပ်ညှိနှိုင်းခဲ့ဖူးသမျှတွေထဲ အဆိုးရွားဆုံး သဘောတူညီချက်ဖြစ်တယ်လို့ သမ္မတထရမ့်ပ်က ပြောထားပါတယ်။ ၁၀ နှစ်သက်တမ်းရှိ သဘောတူညီချက် အဆုံးသတ်တဲ့ အချိန်မှာ အီရန်ဟာ နျူကလီးယားစွမ်းရည် ပိုင်ဆိုင်ပြီးသားဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်ပ်ကပြောသလို ဆီးရီးယား၊ ယီမင်နဲ့ လက်ဘနွန်တို့မှာ အီရန်ရဲ့ စစ်ရေးပတ်သက်မှုတွေကို မကြာခန ထောက်ပြ ပြောဆိုလေ့ရှိပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ရှေ့သီတင်းပတ်ကျရင် အမေရိကန် ပြည်ထောင်စုကို သီးခြားစီလာပြီး သမ္မတထရမ့်ပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ အီရန် နျူကလီးယားအရေး သဘောတူစာချုပ်က နေ နုတ်ထွက်တာမျိုးလုပ်မယ့်အစား အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ဖို့ သမ္မတထရမ့်ပ်ကို ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေက တိုက်တွန်းကြမယ့်ပုံရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG