သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓနသဟာယ ဘယ်လဲ ဘာလဲ


ဓနသဟာယနိုင်ငံများရဲ့ နိုင်ငံဥသျှောင် ဒုတိယမြောက် Elizabeth ဘုရင်မကြီးက Buckingham နန်းတော်မှာ ကြာသပတေးနေ့ကပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောစဉ်။
ဓနသဟာယနိုင်ငံများရဲ့ နိုင်ငံဥသျှောင် ဒုတိယမြောက် Elizabeth ဘုရင်မကြီးက Buckingham နန်းတော်မှာ ကြာသပတေးနေ့ကပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းပြောစဉ်။

နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ကြာသပတေးနေ့က စတင်ခဲ့ပါတယ်။ တချိန်က ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ဓနသဟာယ အသင်းကြီးဟာ ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ပြရုပ်သာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။ အသင်းကြီးရဲ့ ဦးဆောင်မှုနဲ့ ရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိနေချိန်မှာ ကျင်းပနေတဲ့ ဓနသဟာယနိုင်ငံခေါင်းဆောင်များ အစည်းအဝေး အကြောင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြထားပါတယ်။

တချိန်က ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ဓနသဟာယနိုင်ငံများရဲ့ ထိပ်သီးစည်းဝေးပွဲကို ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။ နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယအသင်းကြီးရဲ့ အနာဂါတ်နဲ့ ဗြိတိန်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍနဲ့ပါတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိနေချိန်မှာ ထိပ်သီးစည်းဝေးပွဲကို လန်ဒန်မြို့တော်မှာ ကျင်းပနေတာပါ။ ဓနသဟာယနိုင်ငံများရဲ့ နိုင်ငံဥသျှောင် ဒုတိယမြောက် Elizabeth ဘုရင်မကြီးက Buckingham နန်းတော်မှာကြာသပတေးနေ့ကပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ အသင်းကြီးကို သူဦးဆောင်ရတဲ့အတွက် အင်မတန်ဝမ်းသာ ဂုဏ်ယူကြောင်းနဲ့ သူ့ရဲ့သားတော် အိမ်ရှေ့စံ Charles မင်းသားကလည်း တနေ့မှာ ဦးဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"ဓနသဟာယအသင်းကြီးအနေနဲ့ အနာဂါတ်မျိုးဆက်သစ်တွေအတွက် တည်ငြိမ်မှုနဲ့ ရှင်သန်မှုကို ဆက်လက်ပေးစွမ်းနိုင်ရေးဟာ ကျွန်မရဲ့ ရိုးသားတဲ့ဆန္ဒဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင် 1949 ခုနှစ်မှာ စတင်ခဲ့တဲ့ အရေးကြီးတဲ့ တာဝန်တွေကို တနေ့မှာ ဝေလမင်းသားက ဆက်ပြီးထမ်းဆောင်ပါလိမ့်မယ်။ ဒီအသင်းကြီးရဲ့ ဆောင်ရွက်မှုတွေကို တန်ဖိုးထားပြီး ခိုင်မာအောင်ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေကြသူတွေအတွက် ပိုပြီး လုံခြုံ သာယာဝပြောပြီး ရေရှည်ခံတဲ့ ကမ္ဘာကြီးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။"

ဗြိတိသျှအင်ပါယာကနေ ပေါ်ထွက်လာတဲ့ ဓနသဟာယအသင်းကြီးဟာ ဗြိတိန်ကိုလိုနီအမွေအနှစ်တွေကို မပစ်ပယ်နိုင်သေးဘူးလို့ ဝေဖန်သူတွေကတော့ ထောက်ပြနေကြပါတယ်။ လန်ဒန်တက္ကသိုလ် ဓနသဟာယလေ့လာရေးဌာနညွှန်ကြားရေးမှူးလည်းဖြစ်။ အဝတ်သစ်လဲထားတဲ့ အင်ပါယာ The Empire's New Clothes: The Myth of the Commonwealth ဆိုတဲ့စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာလည်းဖြစ်တဲ့ ပါမောက္ခ Philip Murphy ရဲ့ အမြင်ဆိုရင်

"ပြီးခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေထဲက ရှိခဲ့တဲ့ ပြဿနာက ဓနသဟာယအသင်းကြီးဟာ ခေတ်အခြေအနေနဲ့ မကိုက်ညီတော့တာပဲဖြစ်ပါတယ်။ သတင်းဖြစ်လောက်အောင် ညီညီညွတ်ညွတ်ဆောင်ရွက်ကြတာမျိုး မရှိပါဘူး။ ဓနသဟာယနဲ့ပါတ်သက်လို့ သတင်းဖြစ်လောက်စရာ တခုတည်းသောကိစ္စက တော်ဝင်မိသားစုအကြောင်းပဲဖြစ်ပါတယ်။"

ပြီးခဲ့တဲ့သီတင်းပါတ်အတွင်း ဓနသဟာယအသင်းနဲ့ပါတ်သက်ပြီး ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းကတော့ 1950 နဲ့ 60 ပြည့်နှစ်ပိုင်းတွေတုန်းက ဗြိတိန်ကိုလိုနီလုပ်ခဲ့တဲ့နိုင်ငံတွေ ကရောက်လာတဲ့ နိုင်ငံပြောင်းအခြေချသူတွေ အမြဲတမ်းနေထိုင်ခွင့်မရတဲ့အပြင် ပြည်နှင်ဒဏ်ပေးခံရမယ့်အခြေအနေနဲ့ ကြုံနေတဲ့အပေါ် ဝန်ကြီးချုပ် Theresa May တောင်းပန်းခဲ့ရတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ကြာသပတေးနေ့က ကျင်းပတဲ့ ခေါင်းဆောင်များစည်းဝေးပွဲမှာတော့ဝန်ကြီးချုပ် May က ကမ္ဘာကြီးမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတွဲဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

"ကမ္ဘာကြီးမှာ ထူးခြားတဲ့ စိန်ခေါ်မှုတွေရင်ဆိုင်နေရချိန်မှာ အခုစည်းဝေးပွဲကို ကျင်းပနေတာပါ။ စဉ်ဆက်မပြတ် သာယာဝပြောမှုနဲ့ ငြိမ်းချမ်းမှုတို့ကို ဖြစ်စေတဲ့ စည်းမျဉ်းဥပဒေတွေကို အခြေခံထားတဲ့ နိုင်ငံတကာစနစ်တွေဟာ ခြိမ်းခြောက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ရာသီဥတုပြောင်းလဲလာမှုနဲ့ ပြင်းထန်တဲ့ မိုးလေဝသ အခြေအနေတွေကြောင့် ဓနသဟာယနိုင်ငံတွေရဲ့ ဘဝတွေ နေထိုင်မှုတွေကို ထိခိုက်ဆုံးရှုံးနေရပါတယ်။ Digital နည်းပညာတိုးတက်မှုက အခွင့်အလမ်းသစ်တွေ ဖန်တီးပေးတဲ့တချိန်ထဲမှာ လူပုဂ္ဂိုလ်တယောက်ချင်း ဒါမှမဟုတ်အစိုးရတွေရဲ့ ဆိုင်ဘာခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ လာမယ့် ၂ ရက်စည်းဝေးပွဲတွေအတွင်း ဒီပြဿနာတွေနဲ့ တခြားပြဿနာတွေကို ဆွေးနွေးအဖြေရှာသွားကြမှာဖြစ်ပါတယ်။"

ငှက်ဖျားရောဂါတိုက်ဖျက်ရေး။ ပလတ်စတစ်အမှိုက်လျော့ချရေး။ အမြဲစိမ်းသစ်တောတွေ ထိမ်းသိန်းရေးတို့အတွက် ဓနသဟာယခေါင်းဆောင်တွေကြား ဒေါ်လာသန်းထောင်ချီအသုံးပြုဖို့ ကတိပြုထားကြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်အောင်လုပ်မယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။ ဗြိတိန်နိုင်ငံ EU ဥရောပသမဂ္ဂထဲက ထွက်သွားပြီးရင် ဓနသဟာယအသင်းကြီးကို ပြန်လည်း ခိုင်မာအောင်လုပ်ဖို့ တချို့ဗြိတိန်လွှတ်တော်အမတ်တွေက လိုလားနေကြပါတယ်။ ဒါပေမဲ့ ခက်ခဲလိမ့်မယ့်လို့ ပါမောက္ခ Philip Murphy ကပြောပါတယ်။

"ဗြိတိန်အတွက် ဓနသဟာယအသင်းကြီးဟာ ခက်ခဲတဲ့ အပျော့စား သံတမန်နည်းလမ်း တရပ်ဖြစ်ပါတယ်။့ ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေ။ ဓနသဟဟာယကတဆင့် ထောက်ပံ့ကူညီမှုတွေကို ပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဗြိတိန်ဟာ တချိန်က ကိုလိုနီလုပ်ခဲ့သူ အုပ်ချုပ်ခဲ့သူတွေဖြစ်တယ်ဆိုတာ အမှတ်ရနေကြပါတယ်။ ဓနသဟာယနိုင်ငံတွေကြား ခုထိ တော်တော်လေးမကျေနပ်ကြသူတွေလည်း ရှိပါတယ်။"

အဲဒီသဘောထားအမြင်မျိုးတွေကို မဖျောက်နိုင်သေးသရွေ့ ဓနသဟာယနိုင်ငံတွေရဲ့ ရည်ရွယ်ချက်နဲ့ အနာဂါတ်အပေါ်မှာ မေးခွန်းတွေ ထုတ်နေကြဦးမှာဖြစ်ပါတယ်ရှင်။

ဓနသဟာယ ဘယ်လဲ ဘာလဲ
please wait

No media source currently available

0:00 0:04:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG