သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းဟောင်းတွေ ဖျက်သိမ်းရေး အစီအစဉ် စတင်


စစ်တွေက ဒုက္ခသည်စခန်းတခုမြင်ကွင်း- ဧပြီ ၂-၂၀၁၄
စစ်တွေက ဒုက္ခသည်စခန်းတခုမြင်ကွင်း- ဧပြီ ၂-၂၀၁၄

ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ခေါ် ဒုက္ခသည်စခန်းတွေ အားလုံးကို ပိတ်သိမ်းဖို့အတွက် မကြာခင်မှာ စီမံချက်တခု ရေးဆွဲ ဆောင်ရွက်ဖို့ရှိနေပြီး လတ်တလောမှာ မြို့နယ်အချို့က IDP စခန်းတချို့ကို စတင်ပိတ်နေပြီး ဒုက္ခသည်တွေကို လုံးချင်းအိမ်ယာတွေမျာ ပြန်လည်နေရာချထားရေးအတွက်လည်း စီစဉ်နေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ စခန်းရှိ ဒုက္ခသည်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ရခိုင်ပြည်နယ်က IDP ခေါ် ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးဆိုတာဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တချက်အပါအဝင်ဖြစ်ပြီး လတ်တလောမှာ စခန်းတချို့ ပိတ်သိမ်းနေပြီဖြစ်သလို စခန်းတွေ အားလုံးပိတ်သိမ်းဖို့အတွက်လည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အစည်းအဝေးအဖွင့် အမှာ စကားမှာ အခုလို ထည့်သွင်းပြောကြားပါတယ်။

“ ၂၀၁၂က ကြာရှည်ခဲ့တဲ့ စခန်းတွေပိတ်သိမ်းရေးဆိုတာလည်း ကျနော်တို့ ပြီးခဲ့တဲ့ရက် ၁-၂ရက်အတွင်းမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ကျနော်တို့ စခန်းများ အားလုံး ပိတ်သိမ်းရေးဆိုတဲ့ စီမံချက်ကြီး ရေးဆွဲရမှာဖြစ်ပါတယ်။ အားလုံးပိတ်သိမ်းရေး စီမံချက်ကို ရေးဆွဲပြီးတဲ့အခါမှာ အားလုံး ပိတ်သိမ်း ရေးမှာ ပထမဦးစွာ ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်။ နောက်ပြီးတော့ အားလုံးကို အလျင်အမြန် ပိတ်သိမ်းရေးဆိုတာလည်း ရှိပါတယ်။ အလျင်အမြန်ဆိုတဲ့အတွက်ကြောင့် ၁ရက် ၂ရက်အတွင်းမှာ ပြီးတာ မျိုးမဟုတ်ပါဘူး။ လုပ်ငန်းစဉ် ဆက်တိုက်ဆောင်ရွက်နေတဲ့ဟာကို ပြောတာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ်မှာ IDP စခန်း ၁၉ခုရှိပြီး စခန်း ၃ခုကို ပိတ်သိမ်းဖို့ ဆောင်ရွက်နေထားပြီဖြစ်ပါတယ်။

စခန်းတွေပိတ်သိမ်းရာမှာ စခန်းရှိသူတွေနဲ့ ဆွေးနွေးပြီးဆောင်ရွက်နေတာဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ပူးတွဲဥက္ကဌနဲ့ ရခိုင်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

“ မူလလက်ရှိအခြေအနေထက် ပိုပြီးတော့ ကောင်းမွန်တဲ့အနေအထားမျိုးဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က လုပ်တာပါ။ တကယ်လည်းပဲ ကောင်းရမှာပေါ့။ ဆိုလို့ရှိရင် သူတို့ တန်းလျားထဲမှာ ၁၀နှစ်ကျော်လောက် နေနေရတဲ့အနေအထား တကယ်ကောင်းတဲ့ လုံးချင်းလို အိမ်မျိုး၊ အထပ်မြင့်လိုဟာမျိုး ဒါမျိုးတွေဆိုရင် သူတို့ လက်မခံနိုင်စရာ မရှိဘူးလေ။ သူတို့ နားလည်အောင် လက်ခံအောင်လည်း ကျနော်တို့က ပြောဆိုပြီးတော့မှ သူတို့ သဘောတူမှ ရွှေ့မှာ ပြောင်းမှာပါ။ သဘောမတူပဲနဲ့ အတင်းအဓမ္မလုပ်တာမျိုး ကျနော်တို့ မလုပ်ပါဘူး။ ”

လက်ရှိ ဆောင်ရွက်နေတဲ့အခြေအနေကိုလည်း ဦးညီပုက အခုလို ဆက်လက်ရှင်းလင်းပြောဆိုပါတယ်။

“ လတ်တလောဆိုရင် မြေပုံ IDP စခန်းဆိုရင် အားလုံးအဆင်သင့်ဖြစ်ပါပြီ။ ပြောင်းရွှေ့ပြီးတင်ရုံ လောက်အထိ ကို ကျနော်တို့က ရနေပြီ။ နောက်ပြီးတော့ ကျောက်တော်မှာ ရှိတဲ့ နိဒင်စခန်းဆို အဲဒါလည်းပဲ မြေကြီးတွေ ဘာတွေ ဝယ်ပြီးတော့ အကွက်တွေဘာတွေလည်း ရိုက်ထားပြီးပါပြီ။ ဒါလည်း မကြာခင် ကျနော်တို့ ပြောင်းရွှေ့သွားဖို့ပါ။ နောက်ကျန်တဲ့ စစ်တွေတို့ ပေါက်တောတို့ ဒီနေရာတွေကိုလည်းပဲ ကျနော်တို့ အစီအစဉ်တွေ လုပ်နေပါပြီ၊ စီမံချက်တွေ ရေးဆွဲပြီးတော့ လုပ်နေတယ်။ စစ်တွေ ဆိုရင် သက္ကယ်ပြင်၊ နောက် မနေ့က ကျနော်တို့ ရောက်ခဲ့တဲ့ ခေါင်းထုပ်ကာ ၁- ၂ဆို သူတို့နဲ့လည်း ဆွေးနွေးညှိနှိုင်းထားတာရှိနေပါပြီ။”

IDP စခန်း၁၉ခုမှာ ရောက်ရှိနေသူဟာ လူ ၅ထောင်ကျော်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အများစုဟာအစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့တွေဟာ ၂၀၁၂ခုနှစ်က ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် တိမ်းရှောင်လာရသူတွေဖြစ်ပါတယ်။

လောလောဆည်မှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကိုဖီအာနန်ကော်မရှင်က အကြံပြုချက် ၈၈ ချက် တင်ပြထားရာမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ၅၇ချက်လောက်ကို အကောင်အထည်ဖော်နိုင်ပြီဖြစ်ကြောင်းနဲ့ ဒီ ၅၇ချက်မှာ တချို့ ဟာ ပြီးမြောက်သွားခဲ့သလို တချို့အချက်တွေကတော့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံဖက်က လူ ၇သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကို တိမ်းရှောင်ထွက်ပြေးသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG