သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ FDA အကြီးအကဲ အာဏာအလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံရ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အကြီးအကဲကို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု စွပ်စွဲချက်နဲ့ ဒီနေ့မှာပဲ ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတခုထံက လာဘ်ငွေယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ တိုင်ကြားချက်အရ အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ကတင်ပြပေးထားပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ဒီကနေ့ စပြီး အမှုဖွင့် လိုက်တဲ့အတွက် ဖမ်းဆီးခံရပြီး စုံစမ်း၊ စစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးပြီး နေအိမ်အတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ၊ အိမ်တွင်းအသုံး အဆောင်ပစ္စည်းတွေ၊ နောက်ထပ်ပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ ခြံစည်းရိုးကာတာ၊ တစ်ထပ်တိုက် တစ်လုံး၊ ကားဂိုထောင်ပါ နှစ်ထပ်အိမ်တစ်လုံး၊ ရေကူးကန် နဲ့ အခြားပိုင်ဆိုင်မှုတချို့ စုစုပေါင်း ကျပ်ငွေ သိန်း ၁၅၀၀ ကို ကုမ္ပဏီ တစ်ခုဆီကနေ ၂၀၁၇ ခုနှစ်ထဲမှာ ရယူခဲ့တဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တိုင်ချက်ဖွင့် အရေးယူခဲ့တာ လို့ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်က စီမံကိန်း အဆောက်အဦတွေ အရည်အသွေး မပြည့်တာ၊ ဌာနအကြီးအကဲတချို့ ပြည်သူ့ဘဏ္ဍကို ကိုယ်ကျိုးအတွက်သုံးတာနဲ့ ပတ်သတ်ပြီး အရေးယူ ပေးဖို့ တိုင်ကြားထားတဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်း၊ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အရေးယူ ဆောင်ရွက်နေတာနဲ့ ပတ်သတ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဟန်ညွှန့်က အခုလိုရှင်းပြပါတယ်။

“၎င်း၏ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ပြီးတော့မှ ကျပ်သိန်း ၁၅၀၀ ကျော်ကို အဆောက်အဦး ဆောက်လုပ် တင်ဒါကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကုမ္ပဏီတစ်ခုဆီကနေ တောင်းခံ ရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်တို့ (အမှု) ဖွင့်ထားတဲ့ ရဲစခန်းကို ပထမ သတင်းပေး တိုင်တန်းချက် ဖွင့်ထားတာက နေပြည်တော်ကော်စီ နယ်မြေထဲက ဇမ္ဗူသီရိ ရဲစခန်း ဖြစ်ပါတယ်။”

ကော်မရှင်က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် ရဲစန်းမှာ အမှုဖွင့်ပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့က ဒေါက်တာ သန်းထွဋ်ကို ဒီနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ အချုပ်ရမန် တောင်းခံဖို့ စီစဉ်နေပြီး အမှုအသေးစိတ်ကို ပြောပြလို့ မရနိုင်သေးကြောင်း စခန်း တာဝန်ခံတစ်ဦးက အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ အဲဒီအမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ဆောင်ရွက်နေတုန်းပဲ ရှိသေးလို့ ဖြေလို့မရသေဘူး ခင်ဗျ။ ကျွန်တော် အကြောင်းစုံ သိတဲ့အခါကျရင် ကျွန်တော်တို့ အကုန်ချပြသွားမှာပါ။ လောလောဆယ် ကျွန်တော်တို့လည်း လုပ်ကိုင်၊ ဆောင်ရွက်နေတုန်းဖြစ်လို့ ကျွန်တော်တို့ ဘာမှ ပြောလို့မရသေးလို့ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။”

ကော်မရှင်အနေနဲ့ ဒေါက်တာ သန်းထွဋ်ကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၆ နဲ့ ပထမ သတင်းပေး တိုင်ချက်ဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ပိုမိုကြိုးပမ်းသွားမှာဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားပြီး ရက်ပိုင်းအတွင်းမှာပဲ အစိုးရထိပ်တန်း အရာရှိတဦး စုံစမ်းစစ်ဆေးခံခဲ့ရတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG