သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုရဲမှုး မိုးရန်နိုင် ဝန်ထမ်းအိမ်ယာကိစ္စ ရဲတပ်ဖွဲ့ရှင်းလင်း


Police second lieutenant Moe Yan Naing
Police second lieutenant Moe Yan Naing

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့အမှု သောကြာနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော်မှာရှိတဲ့ ရဲအရာရှိမိသားစု ဝန်ထမ်းအိမ်ယာကနေ နှင်ထုတ်ခံရပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဇာနည် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့မနက် အစောပိုင်းကပဲ ရှင်းလင်းဖော်ပြချက် ဆိုပြီး တင်ထားပါတယ်။ ဒုတိယရဲမှူး မိုးရန်နိုင်ဟာ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ကနေ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကို လွန်ခဲ့တဲ့ ၉ လကတည်းက ရာထူးတိုးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြောင်းရွှေ့တဲ့တပ်မှာ နေအိမ်လိုင်းခန်းလည်း ရထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။ ဒါကြောင့် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့လိုင်းခန်းကို မိသားစုဝင်တွေ စာမေးပွဲဖြေဆိုပြီးချိန်မှာ ပြန်အပ်ဖို့ တာဝန်ရှိသူတွေက ကြိုတင် ညွှန်ကြား အသိပေးထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါကြောင့် အခုကိစ္စဟာ နေပြည်တော် ရဲတပ်ဖွဲ့ရဲ့ အိမ်ထောင်သည်လိုင်း စည်းကမ်းနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စသာဖြစ်တယ်လို့ ရဲဇာနည်ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ ရှင်းလင်းချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီရှင်းလင်းဖော်ပြချက်ဆိုတာမှာ နေ့စွဲ၊ အမှတ်တံဆိပ်၊ တာဝန်ခံထုတ်ပြန်သူ စတဲ့ အချက်အလက်တွေတော့ မပါပါဘူး။

ရိုက်တာသတင်းထောက်နှစ်ဦးကို အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သောကြာနေ့ တရားခွင်မှာ ဒုရဲမှူးမိုးရန်နိုင်က ထွက်ဆိုခဲ့ပြီးတဲ့နောက် စနေနေ့မှာပဲ သူ့မိသားစုကို ဝန်ထမ်းအိမ်ယာကနေ ဖယ်ခိုင်းတာပါ။

ဒုရဲမှူးမိုးရန်နိုင်ရဲ့ တရားရုံး ထွက်ဆိုချက်ထဲမှာတော့ သတင်းထောက်နှစ်ဦးလက်ထဲကို ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှု ဆိုင်ရာ စာရွက်စာတမ်းတွေ ထည့်လိုက်ပြီးတဲ့နောက် ဖမ်းဆီးဖို့အတွက် ရဲမှူးချုပ်တင်ကိုကိုက ညွှန်ကြားချက်ပေးပြီး လုပ်ခိုင်း ခဲ့တာလို့လည်း ပါရှိပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးပြီးတဲ့နောက် ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း နဲ့အတူ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး အရေးယူမယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပြီးတဲ့နောက်ပိုင်း သောကြာနေ့ ရုံးချိန်းမှာမှ ဒုရဲမှူးမိုးရန်နိုင်ကို အများပြည်သူ မြင်ကွင်းမှာ ပြန်တွေ့ကြရတာဖြစ်ပြီး တပ်ကြပ်ကြီး ခင်မောင်လင်းကိုတော့ အခုချိန်ထိ မတွေ့ကြရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG