ကနေဒါနိုင်ငံ Toronto မြို့က ပလက်ဖောင်းပေါ်က လူအုပ်ထဲကို တနင်္လာနေ့တုန်းက van ကားမောင်းဝင်ခဲ့မှုကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို သိရှိဖို့ ကနေဒါရဲတွေ စုံစမ်းနေကြပါတယ်။
Toronto မြို့ လူနေရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Alek Minassian ကို သံသယရှိသူအဖြစ် ရဲတွေက သတ်မှတ်ကြောင်း Toronto ရဲမှူး Mark Saunders က ပြောပါတယ်။ ဒီဖြစ်ရပ်က နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင် လုပ်ဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်စပ်မှုတော့ လတ်တလောမှာ မတွေ့ရကြောင်း ရဲတွေက ပြောပါတယ်။
ကနေဒါရဲ့ အကြီးဆုံးမြို့ Toronto မှာ လူရှုပ်ချိန် နေ့လည် ၁နာရီခွဲအချိန်မှာ ဒီ van ကားက ပလက်ဖောင်းပေါ်ထိုးမောင်းသွားခဲ့တာပါ။ လူတယောက်ပြီးတယောက်ကို တိုက်သွားလည်း ကားမောင်းသမားက အရှိန်မလျှော့ဘဲ ဆက်မောင်းသွားတာလို့ မျက်မြင်တယောက်က ပြန်ပြောပြပါတယ်။
ကားမောင်းသမား Minassian ကို ရဲတွေက ဖမ်းပြီး အချုပ်ထဲ ထည့်ခဲ့ပါတယ်။ ထိခိုက်သေဆုံးသွားတဲ့ သူတွေနဲ့ မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရကြောင်း ကနေဒါသမ္မတ Justin Trudeau က ပြောပြီး ဒါက ကြေကွဲစရာကောင်းတဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်လို့ သူက ပြောပါတယ်။ အမေရိကန်အစိုးရကလည်း ကနေဒါအတွက် လိုအပ်တာတွေ ကူညီပေးမယ့်အကြောင်း ကတိပေးပါတယ်။