သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

LEEDS UNITED အသင်း မြန်မာခရီးစဉ်ကြောင့် ဝေဖန်ခံရ


မြန်မာ့လက်ရွေးစဉ်အသင်းတို့နဲ့ အင်္ဂလန်ကလာတဲ့ လိဒ်ယူနိုက်တက်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးအနေနဲ့ အထူးခြေစမ်းပွဲတွေကို ကစားသွားဖို့စီစဉ် ထားတဲ့ အကြောင်း လိဒ်ယူနိုက်တက်အသင်း ကြေညာ။

ဗြိတိန်နိုင်ငံက လိဒ်ယူနိုက်တက်ဘောလုံးအသင်း မြန်မာနိုင်ငံကိုသွားပြီး မြန်မာ့ဘောလုံး အသင်း၂ခုနဲ့ချစ်ကြည်ရေးကစား ကြဖို့ရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတဲ့မြန်မာနိုင်ငံကို သွားပြီး ဘောလုံးကန်ဖို့ဆုံးဖြတ်တာဟာ မသင့် တော်တဲ့ အကြောင်းနဲ့ သူတို့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ရိုဟင်ဂျာမူဆလင်တွေကို အကြမ်းဘက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုဖို့ လိဒ်ယူနိုက်တက် အသင်းမှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

အခုလာမယ့် မေလ ၉ရက်နဲ့ ၁၁ရက်နေ့တွေမှာ မြန်မာနိုင်ငံက MNL all stars အသင်း၊ မြန်မာ့လက်ရွေးစဉ်အသင်းတို့နဲ့ အင်္ဂလန်ကလာတဲ့ လိဒ်ယူနိုက်တက်ဘောလုံးအသင်းတို့ ချစ်ကြည်ရေးအနေနဲ့ အထူးခြေစမ်းပွဲတွေကိုကစားသွားဖို့စီစဉ် ထားတဲ့အကြောင်း လိဒ်ယူနိုက်တက်အသင်းက မနေ့ကပဲကြေညာခဲ့ပါတယ်။

"ရန်ကုန်နဲ့မန္တလေးမြို့တွေမှာလိဒ်အသင်းက မြန်မာ့လက်ရွေးစဉ်အသင်းတွေနဲ့ ကစားသွားကြ ဖို့ရှိပြီး။ ဒီနေရာတွေက ကျနော်တို့အသင်းအတွက် လုံခြုံစိတ်ချရတဲ့နေ ရာတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက်ရှင်းလင်းမှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေထွက်နေတာ တနှစ် လောက်ရှိနေပါပြီ။ အဲဒီလိုဖြစ်ရပ်တွေ ရှိနေတဲ့နေရာတွေကို မသွားဖို့လည်း ဗြိတိန်အစိုးရက အကြံပေးချက်ထုတ်ထား တာရှိပါတယ်။ ကျနော်တို့ကလည်း အဲဒီနေရာတွေကို သွားမှာမဟုတ်ပါဘူး"လို့ လိဒ်ယူနိုက်တက်အသင်းရဲ့ပြန်ကြားရေး အဖွဲ့ Joe mewis ကပြောသွားတာပါ။

ရန်ကုန်မြို့သုဝဏအားကစားကွင်းမှာ မေလ၉ရက်နေ့ကြရင် လိဒ်ယူနိုက်တက်နဲ့ MNL All Starsတို့ကစားမှာဖြစ်ပြီး မေလ ၁၁ရက်နေ့ကျရင်တော့ မန္တလေးမြို့က မန္တလာသီရိ အားကစားကွင်းမှာ မြန်မာ့လက်ရွေးစဉ်အသင်းနဲ့ကစားကြမှာဖြစ်ပါ တယ်။ဒီအစီစဉ်ဖြစ်မြောက်ရေးကို ဧရာဝတီဘဏ်က ကမကထပြုလုပ်ခဲ့တာပါ။

ဘာကြောင့်အခုလိုစီစဉ်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က ရန်ကုန်မှာမနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အာစီယံဒေသတွင်းမှာဒီနှစ်အတွင်းကျင်းပဖို့ရှိတဲ့ နိုင်ငံတကာဘောလုံးပွဲစဉ်တွေမှာ မြန်မာ့လက်ရွေး စင်ဘောလုံးအသင်း အနိုင်ရအောင်ရည်ရွယ်ပြီး အခုလို နိုင်ငံတကာ အသင်းတွေနဲ့တွဲပြီးကစားတဲ့အခွင့်အလမ်း တွေကို ဖန်တီးတဲ့အကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးကိုကိုသိန်းက သတင်းစာရှင်းလင်းပွဲ မှာပြောခဲ့ပါတယ်။

အင်္ဂလန်က လိဒ်ယူနိုက်တက်အသင်း မြန်မာပြည်သွားကစားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံကသတင်းမီဒီယာတွေမှာ ဝေဖန်မှုတွေရှိနေတဲ့အကြောင်း လိဒ်အသင်းရဲ့ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ Beren Crossက ရှင်းပြပါတယ်။

"မေးမြန်းမှုတွေကတော်တော်များများထွက်ပေါ်နေတာပါ။ ဘာကြောင့် လိဒ်အသင်းက ဒီလိုလုပ်ရသလဲ ဟိုကနိုင်ငံရေး အခြေ အနေတွေက ဒီလောက်နာမည်ကြီးနေတဲ့ကြားက ဗြိတိန်ရဲ့အဓိကဘောလုံးအသင်းတခု မြန်မာပြည်ကိုသွား မယ်ဆိုတာ ဟာ မြန်မာပြည်ထဲကို ခရီးသည်တွေပိုပြီးသွားစေလိမ့်မယ်။ မြန်မာပြည်အတွက် ဝင်ငွေပိုကောင်းစေလိမ့်မယ် စသဖြင့်ပြော ဆိုမှုတွေရှိနေတာပါ။ ကျနော်တို့က နိုင်ငံရေးပါတီတခုမဟုတ်ပါဘူး။ အခုခရီးစဉ်ကလည်း နိုင်ငံရေးခရီးစဉ်တခုမဟုတ်ပါ ဘူး။ ကျနော်တို့က ဟိုမှာ ခြေစမ်းပွဲတွေကန်မှာပါ။ သင်တန်းတွေပေးမှာပါ။"

အခုခရီးစဉ်ကိုစီစဉ်တဲ့ ဧရာဝတီဘဏ်ဆိုတာက စီးပွါးရေးလုပ်ငန်းရှင် ဦးဇော်ဇော် ပိုင်တာပါ။ မြန်မာစစ်အစိုးရလက်ထက် တုန်းက စစ်ဗိုလ်ချုပ်တွေ နဲ့နီးစပ်ပတ်သက်ခဲ့သူဖြစ်လို့ အမေရိကန်ပြည်ထောင်စုက အမည်မည်း စာရင်းသွင်းခံခဲ့ရသူလည်းဖြစ် ပါတယ်။

အခုတော့သူက ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်သူတဦးဖြစ်နေပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လာတဲ့အခါ နေထိုင်နိုင်ရေးဆောက်လုပ်မှုတွေ အတွက် မြန်မာအစိုးရကို အလှုငွေတွေ အများဆုံးပေးတဲ့အထဲမှာ ဦးဇော်ဇော်က တဦး အပါအ၀င်ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းရဲ့ပိုင်ရှင် Andrea Radrizzaniကလည်း အရှေ့ တောင်အာရှ မှာရှိတဲ့ အားကစားဆိုင်ရာ သတင်းမီဒီယာလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ထားတဲ့သူပါ။

လိဒ်အသင်းရဲ့ ညွှန် ကြားရေးမှုး Angus Kinnear ကလည်း မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အမြန်ဆုံးကြီးထွားလာနေတဲ့ နိုင်ငံတွေ ထဲက တခုဖြစ်ပြီး ဘောလုံးအားကစားကိုလည်း အထူးခုံမင်တဲ့အတွက် ဒီနိုင်ငံက ဘောလုံးလောက သားတွေရဲ့ တိုးတက် လိုမှုကို လိဒ်ယူနိုက်တက် အသင်းအနေနဲ့လိုလိုလားလား အားပေးနိုင်မှာဖြစ်တဲ့အကြောင်း၊ အခုခရီးစဉ်ကြောင့် လိဒ်အ သင်းဟာ ပရိတ်သတ်အသစ်တွေနဲ့ဆုံနိုင်မှာဖြစ်ပြီး လာမယ့်နှစ်တွေအတွင်း ပရီးမီးယား လိခ်ဘောလုံးပွဲစဉ်တွေမှာ လိဒ်ယူနိုက်တက်ကစားတဲ့အခါ မြန်မာပရိတ်သတ်တွေ ရဲ့အားပေးမှုတွေရလာနိုင်ဖို့လည်းမျှော်လင့်ရတယ်လို့ဆိုပါတယ်။

ဗြိတိန်အခြေစိုက် Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Kate Allenက တော့လိဒ်ယူနိုက်တက်အသင်း မြန်မာပြည်သွားမယ့် ကိစ္စဟာ မသင့်တော်တဲ့ကိစ္စဖြစ်ပြီး သူတို့ရဲ့မြန်မာပြည် ခရီးစဉ် အတွင်း ရိုဟင်ဂျာ မူဆလင်တွေကိုအကြမ်းဘက်မှုတွေအဆုံးသတ်ရေးတောင်းဆိုဖို့ ဒီအသင်းမှာ တာဝန်ရှိတယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

လိဒ်ယူနိုက်တက်အသင်းရဲ့မြန်မာပြည်မှာကစားမယ့် ပွဲစဉ်တွေအတွက် ကွင်းဝင်ကြေးတွေက ကျပ်ငွေ လေးထောင်၊ သုံး ထောင်နဲ့ နှစ်ထောင် သတ်မှတ်ထားပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ မေလ၇ရက်နေ့မှာ မန်ချက်စတာမြို့ကနေ ရန်ကုန်ကိုထွက်ခွါလာတော့မှာပါ။

LEEDS UNITED အသင်း မြန်မာခရီးစဉ်ကြောင့် ဝေဖန်ခံရ
please wait

No media source currently available

0:00 0:04:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG