ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရခိုင်မြောက်ပိုင်း အရေးအပြင် ကုန်သွယ်ရေးစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွါးမှုတွေလို ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ ရှိပေမယ့် တိုးတက်မှုကတော့ အနည်းအကျဉ်းပဲ ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ထိပ်သီးအစည်းအဝေးကို လူဦးရေ ၅.၆ သန်းပဲရှိပြီး အဖွဲ့ဝင် နိုင်ငံတွေထဲ အသေးငယ်ဆုံးနဲ့ အကြွယ်ဝဆုံး ဖြစ်တဲ့ စင်္ကာပူကျွန်းနိုင်ငံလေးက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ ပါဝင်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကစတင်တည်ထောင်ခဲ့တဲ့ အရှေ့တောင် အာရှနိုင်ငံ ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ကြီးဟာ သမိုင်းတလျှောက်မှာ ဒေသတွင်း စိန်ခေါ်မှုပြဿနာတွေနဲ့ အမြဲရင်ဆိုင်နေရတာပါ။ ဒီလို ဖြစ်ရတာဟာ အားလုံးရဲ့ သဘောတူညီမှု ရမှ လုပ်ဆောင်ကြသလို ဘယ်အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ဝင်မစွက်တဲ့ မူကျင့်သုံးတဲ့အတွက် ဘာပဲဖြစ်နေနေ ဝင်စွက်ဖို့ တုန့်ဆိုင်းနေတတ်တာကြောင့်ပါ။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကတော့ ဒေသတွင်း အရေးယူဆောင်ရွက်ရာမှာ အားလုံးသဘောတူဖို့ လိုအပ်တာမို့ ဒေသတွင်း စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ ကြန့်ကြာနေရကြောင်း ပြောကြားခဲ့သလို အာဆီယံဟာ တခြားအဖွဲ့စည်း တွေနဲ့ မတူပဲ ကွဲပြားမှု သိပ်ကြီးနေတာကြောင့် အားလုံးသဘောတူညီမှုရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနဲ့ ပတ်သက်ပြီး ဒါဟာ ဘေးဒုက္ခရောက်နေတာကို မြင်နေရတာ ဖြစ်ပြီး လူသားချင်း စာနာမှုဆိုင်ရာ ဝမ်းနဲဖွယ်ဖြစ်ကြောင်းလည်း ပြောပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဲဒီက အကြမ်းဖက်မှုတွေရပ်ဆိုင်ရေးနဲ့ အကူအညီ ပေးရေးအတွက် ဦးစားပေး ဆွေးနွေးမှာ ဖြစ်ကြောင်းလည်းပြောကြားခဲ့တာပါ။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရရဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ခံမှုနဲ့ တာဝန်ရှိမှုနဲ့ သက်ဆိုင် တာမို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအရ အဖြေရှာရမှာဖြစ်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အခုကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းဝေးကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မတက်ရောက်နိုင်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား မကြာသေးခင်ကမှ သမ္မတတာဝန်ယူခဲ့တဲ့ သမ္မတသစ် ဦးဝင်းမြင့်တက်ရောက်မှာ ဖြစ်ကြောင်း မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။