သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Switzerland သံအမတ်ကို ကုလမြန်မာဆိုင်ရာ အထူးအကြံပေးအဖြစ် ခန့်အပ်ဖွယ်ရှိ


ဂျာမဏီဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီး Christine Schraner Burgener (ဓါတ်ပုံ- ICT Switzerland)

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဂျာမဏီဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီး Christine Schraner Burgener ကိုခန့်အပ်ရေး အမည်စာရင်းတင်သွင်းဖို့ လုပ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ မနှစ်က သြဂုတ်လ အကြမ်းဖက်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာက ၇ သိန်းလောက် ရှိလာတာမို့ မြန်မာဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရတာပါ။ ဒီ ပြဿနာအဖြေရှာရေးကို အကူညီပေးဖို့အတွက် ကုလသမဂ္ဂက အထူးဦးစားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တယောက်ကို ခန့်အပ်ဖို့ အတွင်းရေးမှုးချုပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဒီဇင်ဘာလထဲမှာ ပန်ကြားခဲ့ ပါတယ်။

အတွင်းရေးမှုးချုပ်ရုံးရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး မကြာခင်မှာပဲ မစ္စတာ Guterres က ကြေညာချက် ထုတ်ပြန်မှာ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Hau Do Suan ကတော့ Schraner Burgener ကို ခန့်အပ်ဖို့ စီစဉ်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘာတုန့်ပြန်ချက်မှ မပေးသေးကြောင်းလည်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

သူမဟာ ဂျာမဏီမှာ သံအမတ်အဖြစ်တာဝန် မထမ်းဆောင်ခင်က ထိုင်းနိုင်ငံမှာ ဆွစ်ဇလန်သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့သူပါ။ တကယ်လို့သာသူမ အရွေးချယ်ခံရမယ် ဆိုရင် သူမဟာ Vijay Nambia နောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်လာမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG