သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးအတွက် သမ္မတဦးဝင်းမြင့် စင်ကာပူ သွားရောက်


သမ္မတ ဦးဝင်းမြင့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကနေ ထွက်ခွာ။
သမ္မတ ဦးဝင်းမြင့် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ နေပြည်တော်ကနေ ထွက်ခွာ။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲတွေ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ပဲ စတင်ကျင်းပနေပါပြီ။ အိမ်ရှင်စင်္ကာပူနိုင်ငံက ကုန်သွယ်ရေးဝန်ကြီး Lim Hng Kiang ကတော့ အာဆီယံ အသင်းအပေါ် ယုံကြည်အားထားမှုတွေ ပိုမိုအားကောင်းလာစေဖို့ အာဆီယံစီးပွားရေးဝန်းကျင် (AEC) ကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်ကြောင်း ဒီကနေ့ အခန်းအနားဖွင့်ပွဲမှာ ပြောဆိုခဲ့တာပါ။

မနက်ဖြန် စနေနေ့မှာ စတင်ကျင်းပဖို့ ရှိနေတဲ့ အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ကုန်သွယ်ရေးစစ်ပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေ၊ တောင်တရုတ် ပင်လယ်ပြင်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စတွေအပြင်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးမယ့် အလားအလာတွေ ရှိနေပေမဲ့လည်း ရလဒ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာဖို့အတွက်တော့ သိပ်မျှော်လင့်မထားကြပါဘူး။ ဒီတကြိမ် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲကိုတော့ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘဲ မကြာသေးခင်ကမှ သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့် တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ ဒီကနေ့ပဲ နေပြည်တော်ကနေ ထွက်ခွာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည်သိန်းချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအာဏာပိုင်တွေအပေါ် ဖိအားပေးနေကြသလို၊ အာဆီယံ အသင်းဝင် နိုင်ငံတချို့ကလည်း ပြစ်တင်ဝေဖန်နေကြတာပါ။

မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG