သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လိင်ဖျော်ဖြေရေးမယ် နှုတ်ပိတ်ခ သမ္မတ ထုတ်ပေးခဲ့” နယူးယောက်မြို့တော်ဝန်ဟောင်း


နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၆က တွေ့ဆုံခဲ့ကြစဉ်က သတင်းဓာတ်ပုံ။
နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၆က တွေ့ဆုံခဲ့ကြစဉ်က သတင်းဓာတ်ပုံ။

အမေရိကန်သမ္မတ Donald Trump နဲ့ ၂၀၀၆ ခုနှစ်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးတယ်လို့ စွပ်စွဲထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးကို နှုတ်ပိတ်တဲ့အနေနဲ့ ပေးခဲ့တဲ့ ဒေါ်လာ တသိန်းသုံးသောင်းကို သမ္မတက သူ့ရဲ့ရှေ့နေကို ပြန်ထုတ်ပေးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ကပြောလိုက်ပါတယ်။

သမ္မတအနေနဲ့ အတိအကျ မသိပေမဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ယေဘုယျ သိထားတဲ့အကြောင်း မကြာသေးခင်ကမှ သမ္မတရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့မှာ ပါဝင်လာခဲ့တဲ့ မြို့တော်ဝန်ဟောင်းက အမေရိကန်ရုပ်သံ Fox News မှာ မနေ့နှောင်းပိုင်းကပဲ ပြောဆိုခဲ့တာပါ။ သမ္မတ Trump ကတော့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် Stormy Daniels နဲ့ အချစ်ဇာတ်လမ်း မရှိခဲ့ကြောင်း ငြင်းဆန်ထားသလို၊ ငွေပေးခဲ့တဲ့ ကိစ္စကို သိရှိထားခြင်းရှိ-မရှိ သတင်းထောက်တွေ ပြီးခဲ့တဲ့လထဲ မေးမြန်းရာမှာတော့ မသိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

သရုပ်ဆောင် Daniels ကတော့ ငွေပေးခဲ့တဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး သမ္မတ Trump ကိုရော သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေ တဦးဖြစ်တဲ့ Michael Cohen တို့ကိုပါ တရားစွဲထားတာပါ။ မြို့တော်ဝန်ဟောင်း Giulianiရဲ့ မှတ်ချက်ဟာ အမေရိကန် နိုင်ငံသားတွေ ဒေါသဖြစ်စရာကောင်းတဲ့အကြောင်းလည်း သရုပ်ဆောင်အမျိုးသမီးရဲ့ အကျိုးဆောင်ရှေ့နေ Michael Avenatti ကပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ အိမ်ဖြူတော် ရှေ့နေအဖွဲ့မှာ အပြောင်းအလဲ လုပ်ခဲ့ကြောင်း မနေ့အစောပိုင်းမှာပဲ ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော် ဥပဒေအကျိုးဆောင်အဖွဲ့က Ty Cobb နေရာမှာ သမ္မတဟောင်း Bill Clinton လက်ထက်က သမ္မတကို အရေးယူဖို့ ကြိုးပမ်းမှုကို ဟန့်တားရာမှာ အောင်မြင်မှုမရခဲ့တဲ့ ရှေ့နေအဖွဲ့မှာ တာဝန်ယူခဲ့ဖူးသူလည်းဖြစ်၊ သမ္မဟောင်း George W. Bush ရဲ့ ဒုတိယသမ္မတသက်တမ်းမှာ အိမ်ဖြူတော်ရဲ့ အတိုင်ပင်ခံရှေ့နေအဖွဲ့မှာ ဦးဆောင်ခဲ့ဖူးသူလည်းဖြစ်တဲ့ Emmet Flood နဲ့ အစားထိုးခဲ့တာပါ။

သမ္မတရဲ့ မိတ်ဆွေတဦးဖြစ်တဲ့ ရှေ့နေ Ty Cobb ကတော့ ဒီလကုန် တာဝန်က အနားယူမှာဖြစ်ပြီး၊ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေမှာ သမ္မတနဲ့ အစိုးရကိုယ်စား Emmet Flood က အကျိုးဆောင် တာဝန်ယူသွားမှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ Sarah Huckabee Sanders က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG