သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ညီလာခံ ရိုဟင်ဂျာအရေး ဦးစားပေးဆွေးနွေး


OIC Meeting Bangladesh, May 5 2018
OIC Meeting Bangladesh, May 5 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂ ရက်ကြာကျင်းပနေတဲ့ ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ညီလာခံမှာ ရိုဟင်ဂျာအရေးက အဓိကလွှမ်းမိုးနေပြီး၊ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းမှာ အကြောက်တရား ကင်းဝေးပြီး၊ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လည်အခြေချနိုင်ရေး အတွက် မြန်မာအစိုးရကို ဖိအားပေး တိုက်တွန်းသွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာကြတဲ့ ရခိုင်မြောက်ပိုင်းဒေသက ရိုဟင်ဂျာ မွတ်ဆလင်တွေအနေနဲ့ ဂုဏ်သိက္ခာရှိရှိ အသက်ရှင် ရပ်တည်နေထိုင်ခွင့် ရဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ မေလ ၅ ရက်၊ စနေ ဒီကနေ့မှာ စတင်ကျင်းပတဲ့ ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ညီလာခံမှာ သူက အဲဒီလို ပြောဆိုသွား တာပါ။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသက်အန္တရာယ် လုံခြုံစိတ်ချရပြီး၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်းကို ပြန်နိုင်ရေးအတွက် OIC အဖွဲ့ဝင်နိုင်ငံတွေက ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ကိုလည်း Sheikh Hasina က တိုက်တွန်းသွားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဒါကာမြို့က OIC ညီလာခံမှာ ရိုဟင်ဂျာအရေးကို အဓိကထား ဆွေးနွေးသွားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ဒေသကို အမြန် ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းဖို့ OIC ညီလာခံမှာ ပြောသွားပါတယ်။

"OIC အနေနဲ့ သူတို့နဲ့ အတူရပ်တည်ပါတယ်ဆိုတာပြနိုင်ဖို့ ခိုင်မာတဲ့အရေးယူဆောင်ရွတ်မှုတွေ လုပ်ရပါတယ်။ ရိုဟင်ဂျာတွေ သူတို့နေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ပြန်ခေါ်ယူနေရာချတဲ့ကိစ္စ အဆင်ပြေချောမွေ့အောင် အမြန်ဆုံး အရေးထားလုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဝိုင်းဝန်းပြီး သေချာနားချကြရပါမယ်။"

ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့အထိ လုပ်ဆောင်ခဲ့တဲ့ လူမျိုးစုလိုက် ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ လိုကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကလည်း ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေး ဝန်ကြီးများကောင်စီ ညီလာခံမှာပြောသွားပါတယ်။

"ကျွန်မတို့ကတော့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စဟာ လူမျိူးနွယ်စုအလိုက်ရှင်းလင်းမှုဖြစ်တယ်လို့ လူ့အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Ra'ad Al Hussein ပြောတာကို ထောက်ခံပါတယ်။ သြဂုတ်လမှာကတည်းက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနိုင်တယ်လို့ သံသယရှိတယ်လို့လည်း Mr. Al Hussein ပြောထားပါတယ်။ ဒီလိုစကားလုံးတွေအတိအကျသုံးပြီးတော့ကို ဒီကိစ္စပြောဆိုရပါမယ်။ ဒီလိုပြစ်မှုမျိုးကျူးလွန်သူတွေကိုလည်း ထိုက်တန်တဲ့အရေးယူမှုတွေရှိအောင်လို့ ကျမတို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အသေအချာလုပ်ဆောင်နိုင်ရပါမယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေအတွက် တာဝန်ရှိသူ၊ အပြစ်ရှိသူတွေကို အရေးယူနိုင်တဲ့အခြေအနေပေါ်ပေါက်အောင်လို့ ဆောင်ရွက်ကြရပါမယ်။"

အခုလို ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ဒေသ နေရပ်ရင်းပြန်နိုင်ရေး မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းဖို့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ ညီလာခံရဲ့တောင်းဆိုမှုတွေဟာ လက်တွေ့ အကောင်အထည်ပေါ်လာဖို့ ခက်ခဲလိမ့်မယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောပါတယ်။

"အခုလည်း ထိုနည်းလည်းကောင်းပဲ၊ OIC က ဒါကို ဖိအားပေးမယ်လို့ပြောတယ်။ OIC ဆိုတဲ့အခါကျတော့ ပိုပြီးအခက်အခဲရှိနိုင်တယ်။ ဘာလို့လည်းဆိုတော့ သူက အစ္စလာမ်မစ်နိုင်ငံတွေ ဖြစ်နေတဲ့အတွက်.. နော်။ UN ကပေးတာက တမျိုးလေ။ UN ကတင်းမာမှု တချို့တဝက်ရှိတယ်လေ။ ဆိုတော့ ဒီဟာကိုလာပြီးတော့ OIC ကပါထပ်ပြီးတော့ တွင်တွင်တောင်းဆိုတဲ့ အခါကျတော့ မြန်မာအစိုးရ အနေနဲ့ကတော့ ဒီဥစ္စကိုတော့ သူတို့ ခုခံလိမ့်မယ်လို့ ထင်တယ်။ ဘာလို့လည်း ဆိုတော့ အစ္စလာမ်မစ်နိုင်ငံတွေက တောင်းဆိုတဲ့အတွက်ဆိုပြီးတော့ အဲဒီအချက်က ပါနေတာ။ နော်။ ဆိုတော့ ဘာလိုလည်းဆိုတော့ ဒီအချိန်မျိုးမှာ ကြားဝင်ညှိုနှိုင်းပေးနိုင်မယ့် အဖွဲ့အစည်း၊ ဒါမှမဟုတ် ပုဂ္ဂိုလ်က အရမ်းအရေးကြီးနေပြီ။ ဆိုတဲ့အခါကျတော့ ဘာကိုပဲ တောင်းဆိုတောင်းဆို ကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးကတောင်းဆိုတယ်ဆိုရင် ပိုပြီးတော့ ဖြစ်နိုင်ခြေကရှိတယ်။ OIC နဲ့ ဆိုရင်တော့ အခက်အခဲရှိနိုင်တယ်။ ဒါကတော့ အရှိတရားအတိုင်းပြောရတာပဲ။ "

OIC ညီလာခံ မတိုင်ခင်ရက်ပိုင်းက OIC အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း ၆၈ ဦးပါတဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

OIC ညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကလည်း- မွတ်ဆလင်တွေကို အကြမ်းဖက်သမားတွေနဲ့ ရောထွေးပြီး မြင်နေ ကြတာဟာ လွှဲမှားတဲ့ အမြင်တွေသာဖြစ်ကြောင်း၊ အစ္စလမ်ဘာသာတရားဟာ ငြိမ်းချမ်းပြီး သူတို့အနေနဲ့လည်း ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း Sheikh Hasina ကပြောသွားပါတယ်။ OIC ညီလာခံကို မေလ(၆)ရက် တနင်္ဂနွေနေ့ထိ ဆက်လက်ကျင်းပကြမှာ ဖြစ်ပါတယ်။

OIC အဖွဲ့ကို ၁၉၆၉ ခုနှစ်က စတင်တည်ထောင်တာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်ပြီး တော့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ EU တို့မှာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG