သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိကချင်ဒုက္ခသည်တွေကို ကယ်ထုတ်ခွင့်မရ


ကချင်စစ်ပွဲကြောင့်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ကလေးငယ်များ၊ မတ် ၁၉၊ ၂၀၁၈။
ကချင်စစ်ပွဲကြောင့်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ကလေးငယ်များ၊ မတ် ၁၉၊ ၂၀၁၈။

တပ်မတော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲအကြားပိတ်မိနေတဲ့ ကချင်ပြည်နယ်ကားမိုင်းမြို့နယ် လိုင်နောင်ခူးခေါ် မန်လွယ်ကျေးရွာသားတွေကိုကယ်ထုတ်နိုင်ဖို့ ကြိူးပမ်းနေရာမှာ တပ်မတော်ကနေ ရွာသား တွေကိုခေါ်သွားခွင့်မပြုဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ ပိတ်မိပြည်သူတွေကို စားနပ် ရိက္ခာပေးဖို့အတွက်သာခွင့်ပြုပြီး ဘာကြောင့်ခေါ်ထုတ်ခွင့်မပေးသလဲဆိုတာ တပ်မတော်ရဲ့ စစ်ရေးဗျူဟာအရ မခန့်မှန်း နိုင်ဘူးလို့လဲဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန် ကပြောပြ ပေးမှာပါ။

တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ကချင်ပြည်နယ်ကားမိုင်းမြို့နယ်၊ လိုင်နောင်ခူးခေါ် မန်လွယ်ကျေးရွာသားတွေကို ကယ်ထုတ်ဖို့အစီအစဉ်ဟာ တပ်မတော်ဘက်ကနေခွင့်မပြုလို့ ကယ်ဆယ်ရေးအဖွဲ့တွေ တပ်ဆုတ်ပြန်ခဲ့ပြီးလို့ KBC အတွင်းရေးမှူးဒေါက်တာခလန်ဆမ်ဆွန်ကပြောပါတယ်။

"ကျွန်တော်တို့အားလုံးနားလည်တာ ကျွန်တော်တို့ဝန်ကြီးချုပ်ရယ် နယ်လုံဝန်ကြီးတွေနဲ့ကျွန်တော်တို့ ဆွေးနွေးတဲ့ကိစ္စက အဲဒီမန်လွယ်ဆိုတဲ့ရွာက လူ(၁၅၂)ယောက်ကို ခေါ်ဖို့။ ဟိုကလဲ လာခေါ်ဖို့ကျွန်တော်တို့ကို စောင့်နေတယ်။ စစ်တပ်ကသူတို့ဒီအခွင့်မပေးဘူးဖြစ်နေတယ်။ သူတို့စစ်ဗျူဟာအရတော့ကျွန်တော်တို့ နားမလည်ဘူး။ ဘာကြောင့်လဲ။ reasons (အကြောင်းပြချက်) ကို ကျွန်တော်တို့ခန့်မှန်းလို့မရဘူး။ ကျွန်တော်တို့ကို အဲဒီမှာခေါ်ဖို့တက် သွား ပြီးမှတွေ့ဆုံပြီးမှ ထောက်ပံ့ပစ္စည်းတွေပေးဖို့အစီအစဉ်တွေဘဲ ဖြစ်လာတယ်။ ဆိုတော့ကျွန်တော်တို့ဒီကိစ္စမှာ အစိုးရဘက်ကတော့ လေးလေးနက်နက် ဒါကိုစဉ်းစားဖို့လိုပြီးလို့ကျွန်တော်တို့က အဲဒီလိုဘဲသုံးသပ်မိတာပေါ့။"

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ကြက်ခြေနီအဖွဲ့ကကိုယ်စားလှယ်တွေတော့ လိုင်နောင်ခူးဘက်ကို အကူညီပေးဖို့ ဆက်လက်ထွက်ခွာနေတယ်လို့ဒေါက်တာ ခလန်ဆမ်ဆွန်ကပြောပါတယ်။

တပ်မတော်ကနေဘာကြောင့်ပိတ်ပင်သလဲဆိုတာ ရေရေလည်လည် ရှင်းပြတာမရှိဘူးလို့ သူကပြောပါတယ်။

ကယ်ဆယ်ခွင့်မရလို့တပ်နောက်ဆုတ်ပြန်ခဲ့ကြတဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ ကချင်လူငယ်သပိတ်လှုပ်ရှားမှုဦးဆောင်ကော်မတီတို့ကနေ ဒီကနေ့မြစ်ကြီးနားမြို့မှာ အတွေ့အကြုံရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။

ရှင်းလင်းပွဲအခြေအနေကိုတော့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာကအခုလိုပြောပါတယ်။

"သွားကယ်ထုတ်လို့မရဘူးဆိုရင် ကျွန်တော်တို့ကအဆင်မပြေဘူးလေ။ ဒါကြောင့်ကျွန်တော်တို့ပြန်ရုံဘဲရှိတယ် ဆိုပြီးတော့ ပြန်ညှိတဲ့အချိန်မှာ မနေ့ကတော့ြ ပန်အကြောင်းပြန်တာကတော့ ကျွန်တော်တို့ဘက်က (၃)ယောက် သွားပါ။ အစိုးရအဖွဲ့နဲ့သွားပြီးတော့ အဲဒီမှာစာရင်းဇယားတွေယူပါ။ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ ဘယ်နှစ်ယောက်ရှိပါတယ်။ အဲတာလေးတွေကိုစာရင်းကောက်ပြီးမှအထက်ကို ပြည်နယ်ဆီ။ ပြည်နယ်ကလဲ သက်ဆိုင်ရာကိုပြန်တင်မယ်။ ပြန်ပြီးတော့အကြောင်းကြားလာတယ်။ စာရင်းကလဲ နဂိုကကောက်ထားပြီးသားမို့လို့သွားခေါ်ယူလို့မရဘူးဆိုရင်ကျွန်တော်တို့ပြန်ရုံပဲ ရှိတယ်ဆိုပြီး ဒီနေ့လူငယ်တွေကို ပြန်ပြောပြတယ်။ အဲဒီလို ရှင်းပြတဲ့အချိန်မှာဘဲ မီဒီယာအဖွဲ့လဲပြန်ရောက်နေတဲ့အခါကျတော့ ရှင်းလင်းပြတဲ့သဘောလေ။"

ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ရှေ့ဆက်ဘာလုပ်ဆောင်သွားမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ပြီးမှ ဆက်လက်လုပ် ဆောင်သွားမယ်လို့ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

KBC ရဲ့ ဦးဆောင်မှုနဲ့အတူ ဘာသာရေးအဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေက ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ပေမယ့် မြောက်ပိုင်းတိုင်းတိုင်းမှူးကနေ ပိတ်မိပြည်သူတွေကို စားနပ်ရိက္ခာပေးဖို့ အတွက်သာ ခွင့်ပြုနိုင်ပြီး လိုင်နောင်ခူးကျေးရွာကနေ ခေါ်ဆောင်သွားခွင့် မပေးနိုင်ဘူးဆိုပြီး အကြောင်းပြန်လာတာပါ။

ကချင်ပြည်နယ်အစိုးရရဲ့ စစ်ရှောင်ဒုက္ခသည်ကယ်ထုတ်ရေးအစီအစဉ်ကို တပ်မတော်ကနေပြောင်ပြောင်တင်းတင်း ဟန့်တားနေတဲ့ လုပ်ဆောင်ချက်တွေဟာ အစိုးရအနေနဲ့တပ်မတော်အပေါ်မလွှမ်းမိုးနိုင်တဲ့ အခြေအနေ တခုလို့ ကချင်လူငယ်သပိတ်လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ဒေါ်ဆွတ်ဆိုင်းတွယ်ကပြော ပါတယ်။

"ကျွန်မတို့လူငယ်အမြင်ပေါ့နော်။ အစိုးရကတပ်မတေည်အပေါ် လုံးဝလွှမ်းမိုးနိုင်မှုမရှိဘူးဖြစ်နေတယ်။ ကချင်ပြည် နယ်မှာ ဝန်ကြီးချုပ်ဆိုလို့ရှိရင်ကတော့ ပရိုတိုကောအရဆိုလို့ရှိရင် အားလုံးအထက်မှာသူရှိနေရတယ်ပေါ့။ ဒါပေမဲ့ အစိုးရဘက်ကနေ ရပါတယ်လို့ပြောပေမဲ့လဲ တပ်ပိုင်းဆိုင်ရာတွေညှိရမဲ့အပိုင်းတွေ အများကြီးရှိလာတဲ့ အချိန် မှာ အစိုးရက မလွှမ်းမိုးနိုင်တဲ့အပိုင်း တော်တော်များတယ်လို့ကျွန်မတို့မြင်မိပါတယ်ရှင့်။"

ဧပြီလကစပြီးကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၅၀၀၀)ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေရသလို အဲဒီအထဲက ကားမိုင်းမြို့နယ်ကလိုင်နောင်ခူးရွာသား (၁၅၀)ကျော်၊ တနိုင်းမြို့နယ်က အောင်လော့ဒ် ရွာသား(၂၀၀၀)ကျော်၊ အင်ဂျားယန်မြို့နယ်က ရွာသား(၅၀၀) ကျော် ဟာ တိုက်ပွဲအတွင်းပိတ်မိနေဆဲဖြစ်ပါတယ်။

ဒီစစ်ဘေးရှောင်ရွာသားတွေစစ်ဘေးလွတ်ရာတိမ်းရှောင်ဖို့ကိုတော့ တပ်မတော်ကနေခွင့်မပြုခဲ့ပါဘူး။ တပ်မတော်အနေနဲ့ကတော့ KIA နဲ့အဆက်အသွယ်မရှိတဲ့တဲ့သူတွေ နေရပ်ရင်းကိုပြန်နိုင်ကြောင်း တပ်မတော်က နေ ပြီးခဲ့တဲ့လကကြေညာထားပေမဲ့လည်း တိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် မိမိတို့နေရပ်ရင်းကိုမပြန်နိုင် သေးတဲ့ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG