သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ခိုင်မာတဲ့အထောက်အထားပြလျှင် စုံစမ်းမည်” မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး Hau Do Suan (အလယ်)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး Hau Do Suan (အလယ်)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းအကြမ်းဖက်ပဋိပက္ခတွေကို စနစ်တကျ စုံစမ်းအရေးယူသွားဖို့နဲ့၊ အကူအညီပေးရေးလုပ်ငန်းတွေအတွက် ရခိုင်မြောက်ပိုင်းဒေသကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ပေးဖို့ မြန်မာနိုင်ငံကနေ ပြန်လာတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုလိုပြောဆိုနေတာတွေဟာ ယေဘူယျဆန်တဲ့ စွတ်စွဲချက်တွေဖြစ်နေပြီး၊ ခိုင်ခိုင်မာမာ အထောက်အထားနဲ့ ပြလာရင်တော့ မြန်မာအာဏာပိုင်တွေက စုံစမ်း အရေးယူဖော်ထုတ်ဖို့ အသင့်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက မေးမြန်းခဲ့ရာမှာ၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဒီ ထုတ်ပြန်ချက် ဟာ မဖြစ်မနေလိုက်နေရမယ့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် သဘောမျိုးမဟုတ်ဘူးလို့ အခုလို ပြောသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ ဟုတ်ကဲ့ တကယ်ကတော့ဗျာ သူတို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံကို သွားတာပါ။ သူတို့ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်ကို သွားရောက်ပြီးတော့ ကိုယ်တိုင်ကြည့်ခဲ့ကြတဲ့ အခြေအနေတွေ ရှိတာပေါ့ဗျာ။ ခရီးစဉ်အပြီးမှာ သတင်းထုတ်ပြန်တဲ့သဘောမျိုးပါပဲ။ နောက်ပြီးတော့ အထဲမှာပါတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ခုနက ကိုသားညွန့်ဦးပြောခဲ့တဲ့ မနှစ်က နိုဝင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့စာသားတွေကို ထပ်ပြီးတော့ ပြောတဲ့ဟာတွေပါပဲ။ တချို့အပိုင်းတွေကတော့ ထွက်ပြေး တိမ်းရှောင် သွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ပူးပေါင်းဆောင်ရွက်ဖို့ နောက်တခုက ကျနော်တို့ ဆောင်ရွက်နေတာကို ကြိုဆိုတဲ့အပိုင်းတွေလည်း ပါပါတယ်။ နောက်တခုကလည်း သူတို့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေ ထုတ်ပြန်ချက်တွေကိုလည်း ကြိုဆိုတာတွေလည်း သူတို့အပြုသဘောဆောင် တာတွေလည်း ပါပါတယ်။ အမှန်ကတော့ သူတို့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်တဲ့သဘောပါ။

ကိုသားညွန့်ဦး။ ။ သတင်းထုတ်ပြန်ချက်ထဲမှာတော့မပါဘူး ဒါပေမဲ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဗြိတိန်သံအမတ်ကြီးပြောသွားတာ အထဲမှာတော့က သူတို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့တယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့တဲ့အခါမှာ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူတဲ့အခါမှာ ICC ကလုပ်မလား ဒါမှမဟုတ် မြန်မာနိုင်ငံက ကိုယ်တိုင်ပဲ ကိုယ့်ဘာသာကိုယ် စုံစမ်းစစ်ဆေးမလားဆိုတာကို သူက မေးခွန်းထုတ်ခဲ့ တာရှိပါတယ်ခင်ဗျ။ အဲ့တာက ဗြိတိန်သံအမတ်ကြီးက သူ့သဘောကိုပြောတာလား လုံခြုံရေးကောင်စီတဖွဲ့လုံးရဲ့သဘောထားလား။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ သူပြောတာကတော့ သူ့သဘောထားပါ။ လုံခြုံရေးကောင်စီအဖွဲ့ရဲ့သဘောထားကတော့ ကြေညာချက်ကို ကြည့်လိုက်ရင်ရှင်းလိုက်ပါတယ်လေ။ ဒါကတော့ သတင်းထုတ်ပြန်ကြေညာချက်ပါ။ သူတို့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး သုံးသပ်ချက် သတင်းကြေညာချက် အဲ့တာကတော့ သူတို့ရဲ့အဖွဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့သဘောတူညီချက်နဲ့ထုတ်လိုက်တာပါ။ သတင်းစာ ရှင်းလင်းပွဲကတော့ သူ့ရဲ့နိုင်ငံ တခုချင်းအလိုက် ပြောတဲ့သဘော ပိုသက်ရောက်ပါတယ် ဗြိတိန်ကတော့လေ။

ကိုသားညွန့်ဦး။ ။ အခုလုံခြုံရေးကောင်စီအဖွဲ့ကပြန်ရောက်လာပြီ အဲ့ဒီ့တော့ လုံခြုံရေးကောင်စီမှာ ဒီကိစ္စ သူတို့သွားခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဆက်ပြီးတော့ နောက်ဆက်တွဲ လုံခြုံရေးကောင်စီခေါ်ဖို့ရှိနိုင်လား ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ ၁၄ရက်နေ့မှာတော့ ခရီးစဉ်နဲ့ပတ်သက်ပြီး Briefing ခေါ်ဖို့ရှိတယ် အဲ့တာကတော့ Open ပါပဲ နားထောင်ချင်တဲ့သူ နားထောင်လို့ရတယ်။

ကိုသားညွန့်ဦး။ ။ ဒီစုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ဆိုပြီး တိုက်တွန်းထားတဲ့ကိစ္စကရော သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲခင်ဗျ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ ခိုင်မာတဲ့သက်သေ အထောက်အထားရှိလို့ရှိရင် ကျနော်တို့ အရေးယူပေးဖို့ အဆင်သင့်ဖြစ်တယ်ဆိုတဲ့ဟာကို ကျနော်တို့ နဂိုကတည်းကလည်း ပြောထားတာပါ။ အတိုင်ပင်ခံလည်းပြောထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကလည်း ပြောခဲ့ပါတယ်။ တပ်မတော်က ဒါမျိုးမလုပ်ဘူး သို့သော် ခိုင်မာတဲ့အထောက်အထား ရှိတယ်ဆိုရင်တော့ ကျနော်တို့ အချိန်မရွေး အရေးယူဆောင်ရွက်ပေးမယ် ဆိုတာကတော့ လူကြီးတွေက ပြောပြီးသားပါ။ သေသေချာချာ အထောက်အထားနဲ့ဆိုရင် ကျနော်တို့က နိုင်ငံတကာ အကာအကွယ် ကိုတောင် ယူပြီးတော့မှ တရားရုံးမှာ လာပြီး တရားစွဲပါ သက်သေလာခံပါလို့ ကျနော်တို့ပြောထားတာ ကြာပြီခင်ဗျ။ အစကတည်းက ကျနော်တို့ပြောထားတာ။ ဒီကိစ္စကလေ။

ကိုသားညွန့်ဦး။ ။ အဲ့တော့ စုံစမ်းစစ်ဆေးမှုကို အရင်စုံစမ်းစစ်ဆေးမှုတွေအတိုင်းပဲ ထားလား မြန်မာအစိုးရအနေနဲ့ ထပ်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ရော ရှိပါသလား။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ မဟုတ်ဘူးလေ ထပ်ပြီးတော့ဆိုတာက ဘာလုပ်ရမလဲဆိုတာက ရှိတယ်လေ အခုက စွပ်စွဲတယ်ဆိုတာပဲရှိတာကို အခုက စွပ်စွဲတယ် ကဲ ဟုတ်ပြီ အထောက်အထားနဲ့ ဘယ်သူ့ကိုတော့ ဘယ်တုန်းက ဘယ်လိုလုပ်ပါတယ်။ ဘယ်နေရာမှာ လုပ်ပါတယ် ဖြစ်လာရင်တော့ ကျနော်တို့က စုံစမ်းစစ်ဆေးပေးရမှာပေါ့။ ဒါမှမဟုတ်ရင်လည်းပဲ ပြောထားတာတခုတည်းနဲ့ပဲ ယေဘူယျပြောနေတာတခုတည်းနဲ့တော့ ဘာမှ လုပ်လို့မရဘူးခင်ဗျ။

ကိုသားညွန့်ဦး။ ။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရော တခြားအဖွဲ့အစည်းတွေရော ရခိုင်ဒေသကို ဝင်ရောက်ခွင့် လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးဖို့ အဲ့တာနဲ့ပတ်သက်လို့ရော

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး။ ။ ဟုတ်ကဲ့ အခုလည်းပဲ ကျနော်တို့ UNDP ရယ် UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပေါ့ သူတို့တွေနဲ့ ဆွေးနွေးနေတာတွေရှိပါတယ်။ မကြာခင်မှာလည်း MOU ထိုးဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲ့တာတွေကတော့ မကြာခင် အကောင်အထည်ဖော်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲ့တာပြီးရင်တော့ သူုတို့ကို နေရပ်စွန့်ခွာပြန်လာမယ့်သူတွေ ကိစ္စတွေ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကိစ္စတွေ ပြန်လာမယ့်သူတွေနဲ့ ဒေသခံတွေရဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေကို ကုလသမဂ္ဂနဲ့ လက်တွဲဆောင်ရွက်ဖို့ ဆောင်ရွက်နေတာတွေရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG