သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သံတွေကို အမေရိကန်ပြည်ထောင်စုတွင်း ခရီးသွားခွင့် ကန့်သတ်


ဝါရှင်တန်က ပါကစ္စတန်သံရုံး။
ဝါရှင်တန်က ပါကစ္စတန်သံရုံး။

ပါကစ္စတန်သံအမှုထမ်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက ခရီးသွားကန့်သတ်မှုတွေ သောကြာနေ့မှာစတင်လုပ်ဆောင်ခဲ့တယ်လို့ ပါကစ္စတန်သံအမတ်ကြီး Aizaz Chaudhry က VOA ကိုပြောပါတယ်။ ဒါ့အပြင် အခုလို လုပ်ဆောင်မှုဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ကြောင်းနဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးလာချိန်မှာ ခုလိုမလုပ်သင့်ကြောင်းလည်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခုချိန်မှာ ဘာမှာ ပြောကြားဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အခုလို ခရီးသွားကန့်သတ်တာဟာ နိုင်ငံခြား အသင်းဖွဲ့များဆိုင်ရာ ၁၉၈၂ အက်ဥပဒေအရ ဖြစ်ကြောင်း အရင်တုန်းက ပြောကြားခဲ့ဘူးပါတယ်။

ပါကစ္စတန်သံအမှုထမ်းတွေဟာ ခွင့်ပြုချက်မရပဲ သူတို့ရဲ့ ဝါရှင်တန်ဒီစီ သံရုံး ဒါမှမဟုတ် တခြားမြို့တွေမှာ ဖွင့်ထားတဲ့ ကောင်စစ်ရုံးတွေ ကနေ ကီလိုမီတာ ၄၀ ထက်ကျော်ပြီး သွားလာခွင့် မရှိကြောင်း ပြီးထဲ့တဲ့ လတုန်းက ပါကစ္စတန်သတင်းမီဒီယာမှာ ဖေါ်ပြထားပါတယ်။

အရင်တုန်းက ပါကစ္စတန်သံအမှုထမ်းတွေဟာ အမေရိကန်ပြည်ထောင်စု အတွင်း ဘယ်နေရာကို မဆို သွားလာခွင့် ရှိခဲ့တာပါ။

ပါကစ္စတန်မှာ လုံခြုံရေးအတွက် စိုးရိမ်ရတာမို့ အမေရိကန်တွေ အပါအဝင် နိုင်ငံရပ်ခြားက သံရုံးအမှုထမ်း အများစုအတွက် ခရီးသွားကန့်သတ်မှုတွေ ရှိနေပြီး အခု အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ အလားတူ အပြန်အလှန်ကန့်သတ်မှုမျိုးလို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့်အခုလို အမေရိကန်ဘက်က ကန့်သတ်မှုအတွက်တော့ နောက်ကွယ်မှာ တခြားပြဿနာတွေရှိနေနိုင်တယ်လို့ သံအမတ်ကြီး Chaudhry က ပြောပါတယ်။

ပါကစ္စတန်အတွက် အမေရိကန်က လုံခြုံရေးဆိုင်ရာအကူငွေ ဒေါ်လာ သန်းတထောင်ကျော် ပေးအပ်ရေးကိစ္စ ဆိုင်းငံ့ထားခဲ့တဲ့ ချိန်ကစပြီး ၂ -နိုင်ငံကြား ဆက်ဆံရေးဟာ အေးစက်စက် ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG