သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်မျှတရေး အိန္ဒိယတောင်းဆို


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၁၇ ကြိမ်မြောက် ရှမ်ဂရီလာ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ်။ (ဂျွန် ၁၊ ၂၀၁၈)
အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၁၇ ကြိမ်မြောက် ရှမ်ဂရီလာ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားစဉ်။ (ဂျွန် ၁၊ ၂၀၁၈)

အိန္ဒိယနဲ့တရုတ်နိုင်ငံအကြား ပိုပြီးနီးစပ်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ရပ်ခံပြောဆိုနေတဲ့ ကြားမှာပဲ စင်္ကာပူမှာ သောကြာနေ့ကပြောတဲ့ မိန့်ခွန်းတခုမှာတော့ တရုတ်ကို ခပ်ပါးပါးလေး ဝေဖန်ပြောဆိုသွားပါတယ်။

စင်္ကာပူမှာ နှစ်စဉ်ကျင်းပတဲ့ Shangri-La Dialogue လို့ခေါ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတခုအတွင်း ဝန်ကြီးချုပ်မိုဒီက တရုတ်ကို ဝေဖန်တဲ့လေမျိုး ထည့်ပြောသွားတာပါ။ အင်ဒို-ပစိဖိတ်ဒေသမှာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်၊ နယ်နိမိတ် တစုတစည်းတည်း ဖြစ်မှုတို့ကို လက်ခံကျင့်သုံးကြဖို့နဲ့ ဘယ်လိုအရွယ်အစားရှိတဲ့ နိုင်ငံပဲဖြစ်ပါစေ နိုင်ငံအားလုံးကို လေးစားသမှု ရှိဖို့ ဝန်ကြီးချုပ် မိုဒီက နှိုးဆော်သွားပါတယ်။

“ငယ်သည် ကြီးသည်မဟူ နိုင်ငံအားလုံး တန်းတူညီမျှမှုနဲ့ အချုပ်အခြာအာဏာပိုင်မှုအဖြစ် ထည့်သွင်းသတ်မှတ်တဲ့ ဒီမိုကရေစီ နည်းကျ စည်းမျဉ်းစည်းကမ်းအပေါ် အခြေခံတဲ့ နိုင်ငံတကာအခင်းအကျင်းတရပ်ကို ကျနော်တို့ အားပေးသွားပါမယ်၊ ကျနော်တို့ရဲ့ ရေပြင်၊ ဝေဟင်နဲ့ လေကြောင်းလမ်းတွေ လွတ်လပ်ပြီး လမ်းပွင့်နေစေဖို့ တခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်သွားပါမယ်” လို့ ဝန်ကြီးချုပ်မိုဒီကပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပြောစကားထဲမှာ တရုတ်ကို အတိအကျ ထည့်ပြောသွားတာ မဟုတ်ပေမဲ့လည်း တောင်တရုတ်ပင်လယ်ထဲ က ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဒေသတွေနဲ့ပတ်သက်ပြီး ပိုပြီးသေးငယ်တဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်က ဗိုလ်ကျစိုးမိုးလို တဲ့ အမူအကျင့်တွေ ပိုပြီးပြလာတဲ့အပေါ် ရည်ညွှန်းပြောဆိုတယ်လို့ ယူဆကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ လက်ရှိအလှည့်ကျဥက္ကဌ စင်္ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Shangri-la Dialogue ဆွေးနွေးပွဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ မြန်မာနိုင်ငံ ဒုက္ခသည်အကျပ်အတည်းနဲ့ ကိုရီးယားကျွန်းဆွယ် လုံခြုံ ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုရုံးဝန်ကြီး ဦးသောင်းထွန်း တက်ရောက်နေပြီး သောကြာနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံပွဲကိုလည်း တက်ရောက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG