သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ငံခြားကြွေးမြီ ဒေါ်လာသန်းတသောင်းကျော်တင်ရှိ


နိုင်ငံရဲ့ ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၁သောင်းကျော်ရှိနေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အကြွေးအများဆုံး ဝန်ကြီးဌာန ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဖြစ်ကာ သူ့နောက်မှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေး ဝန်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တွေအသီးသီးရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက်မမေခ သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကပြန်လည်စတင်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော်၊ နဝမပုံမှန်အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းတာမှာ ထည့်သွင်းပြောဆိုတာပါ။

"နိုင်ငံတော်ရဲ့ ကြွေးမြီအရပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်ရှင်းလင်းတင်ပြချက်စာအုပ်မှာ အပြည့်အစုံဖော်ပြထားပါတယ်။ ၃၁၊၃၊ ၂၀၁၈ အထိ ပြည်တွင်းကြွေးမြီနဲ့ GDP အချိုးမှာ ၂၂.၉ ရာခိုင်နှုန်းဖြစ်ပြီး၊ ပြည်ပကြွေးမြီနဲ့ GDP အချိုးမှာ၁၅.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံတော် ပြည်တွင်းပြည်ပကြွေးမြီတွေနဲ့ ပတ်သက်ပြီး ကြွေးမြီခံနိုင်ရည် စမ်းစစ်ခြင်း ၊ ကြွေးမြီခန့်ခွဲမှု စီမံအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီမှတ်တမ်းတင်ခြင်း၊ ကြွေးမြီအစီရင်ခံစာများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း တင်ပြပါတယ်။"

ကြွေးမြီစာရင်းအရ ပေးဖို့ကျန်တဲ့ ဌာန၊ အဖွဲ့အစည်းအလိုက်မှာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နဲ့ အများဆုံးဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးက အမေရိကန်ဒေါ်လာ သန်း ၂ ထောင်ကျော်နဲ့ ဒုတိယ အများဆုံးဖြစ် ပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးက အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်နဲ့ အများဆုံးပေးဖို့ကျန်တဲ့ ဝန်ကြီးဌာနအနေနဲ့ရပ်တည်နေကြတယ်လို့ဆိုပါတယ်။

ပြည်ပကြွေးမြီအနည်းဆုံး ဌာန၊ အဖွဲ့အစည်းအနေနဲ့ မန္တလေးမြို့တော် စည်ပင် သာယာ ရေးကော်မတီက အမေရိ ကန်ဒေါ်လာ ၈ သိန်းကျော် ဖြစ်တယ်လို့ဆိုပါတယ်။ ပြန်လည် ပေးဆပ်ရမယ့် နိုင်ငံ ၁၅ နိုင်ငံနဲ့ အဖွဲ့အစည်း ၆ ခု ဖြစ်ပါတယ်။

ပေးရမယ့် ကြွေးရှင်နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကို အများဆုံးပေးရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ပေးရမှာပါ။ သူ့နောက်မှာတော့ ဂျပန်နိုင်ငံက အမေရိ ကန်ဒေါ်လာ သန်း ၂၄၀၀ ကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

ပြည်ပကြွေးမြီနဲ့ GDP အချိုးမှာ ၁၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တယ်လို့လည်း ပြည်ထောင်စု ဝန်ကြီးက ဆိုထားပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG