သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကန်ဦးစီးဦးဆောင်ဖို့ တတ်ကြွလှုပ်ရှားသူတို့ တောင်းဆို


ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေးမှာ အမေရိကန်ဘက်က ဦးဆောင်ပြီး ဆောင်ရွက်ဖို့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ကြိုးစားနေတဲ့ မြန်မာ အစိုးရကို နိုင်ငံတကာဘက်က ပြင်တင် ဝေဖန်မှုထက် အားပေးဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့် ညီလာခံမှာ တိုက်တွန်းခဲ့ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ဗျူရိုက ကျင်းပတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သုံးရက်ကြာ ညီလာခံမှာတော့ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာပါ။ ဒီကနေ့ ညီလာခံ နောက်ဆုံးနေ့မှာတော့ အမေရိကန် ဒုတိယ သမ္မတ Mike Pence ကလည်း အမေရိကန် နိုင်ငံခြားရေးရာ မူဝါဒမှာ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အခန်းကဏ္ဍနဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အရေးကြီးမှုကို အလေးထားပြီး ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနက ကျင်းပတဲ့ ဘာသာရေး လွတ်လပ်ခွင့် ညီလာခံမှာ ရိုဟင်ဂျာ အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တာဟာဆိုရင် ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေးမှာ အမေရိကန်ဘက်က ပိုပြီး စိတ်ဝင်စား ဆောင်ရွက်မယ့် အလားအလာကောင်း ဖြစ်တယ်လို့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင်က ပြောပါတယ်။

“ ဒီအစိုးရက Trump Administration က နိုင်ငံခြားရေး ဝန်ကြီးတွေ ပိုပြီးတော့ စိတ်ဝင်စားလာတယ်လေ။ ပိုပြီးတော့ ရိုဟင်ဂျာ အတွက် ရိုဟင်ဂျာ အရေးကိစ္စ ပြသနာရှင်းဖို့ရာ အတွက် ပိုပြီးတော့ အားစိုက် အားထည့် လုပ်မယ် ဆိုတာကို သူတို့ပြတာ။ ရလဒ်က ကျနော် အဲလို တွေ့ပါတယ်လေ။ ”

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး၊ သူတို့ကို အကာအကွယ်ပေးရေး၊ နိုင်ငံသား ဖြစ်ခွင့် စတာတွေကိုလည်း အခု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံမှာ ဆွေးနွေးခဲ့သလို အမေရိကန် ပြည်ထောင်စုဘက်က ပါဝင် ဆောင်ရွက်ပေးစေလိုတဲ့ ကိစ္စတွေကိုလည်း အဆိုပြုတင်ပြခဲ့တယ်လို့ ဒေါက်တာ ဝါကာအူဒင်က ပြောပါတယ်။

“ ကျနော်တို့က အမေရိကန် အစိုးရကို အခု ဒီအစည်းအဝေး အတွင်းမှာလည်း တခြားနေ့တွေ တခြား အချိန်တွေမှာလည်း အဲလို အမြဲတမ်း အမေရိကန် အစိုးရက ဦးဆောင်ပြီးတော့ ရိုဟင်ဂျာ အခြေအနေကို ရိုဟင်ဂျာ ပြသနာကို ရှင်းဖို့ အတွက် မြန်မာအစိုးရနဲ့ Engaged လုပ်ပြီးတော့ ပြသနာကို အေးအေးဆေးဆေး ရှင်းနိုင်အောင်က အကောင်းဆုံး နည်းလမ်းပါဆိုပြီးတော့ ကျနော်တို့က အမြဲတမ်း တိုက်တွန်းပါတယ်။ ”

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ရခိုင်မြောက်ပိုင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ကိစ္စကို ကိုင်တွယ်နေရတဲ့ မြန်မာ အစိုးရကို ဖိအားပေး ဝေဖန်မှုထက် ပိုပြီး ထောက်ပံ့ အားပေးကြဖို့ကိုလည်း အမေရိကန် အစိုးရကို ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြတာပါ။ ဒေါက်တာ ဝါကာအူဒင်က အခုလို ပြောပါတယ်။

“ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ မလာသေးပါဘူး။ အဲဒါကလည်း အရေးကြီးပါတယ်။ အဲဒါလည်း ကျနော်တို့ အမေရိကန် အစိုးရနဲ့ တခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့ အမြဲတမ်း ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ Support လုပ်တာ အရေးကြီးပါတယ်။ သူ့ကို တိုက်ခိုက်တာက Criticized ဝေဖန်တာထက် သူ အခုလုပ်နေတာထက် ပိုပြီးတော့ လုပ်နိုင်အောင် သူ့ကို International Community က Support လုပ်နိုင်အောင် ကျနော်တို့ ကြိုးစားပါတယ်။ အမေရိကန် အစိုးရနဲ့လည်း စကားပြောပါတယ်။ ”

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ လုံခြုံမှုရှိရှိ ဆန္ဒအလျောက် ဌာနေပြန်နိုင်ရေး အတွက် မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့ ကုလသမဂ္ဂ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းနေတာပါ။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့် မခံပေမယ့်လည်း မြန်မာနိုင်ငံဘက်က ထွက်ပြေးရသူ အားလုံးကို ပြန်ခေါ်မယ်လို့ နိုင်ငံတကာကို ကတိပြုထားသလို ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် အဆင်သင့် ဖြစ်ပြီလို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG