သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အမည်စာရင်းထုတ်ပြန်


လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ဇူလိုင် ၃၀-၂၀၁၈)

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာသမ္မတရုံးက ဒီနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီကော်မရှင်ကို မြန်မာ (၂) ဦး နိုင်ငံခြားသား တစ်ဦးနဲ့ဖွဲ့ဖို့ အရင် မေလကုန်က ကြေညာခဲ့ပေမဲ့၊ အခုတကယ်ဖွဲ့ချိန်မှာ နိုင်ငံခြားသား (၂) ဦး ပါလာတာတွေ့ရပါတယ်။ အခုလို နိုင်ငံခြားသားပါဝင်မှုအပေါ် ကန့်ကွက်မှုတွေရှိတဲ့ထဲက အခုလို ပိုပါလာတဲ့ အနေအထားအပေါ် ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး မြန်မာအစိုးရတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲမှု ဖိအားတွေ များလာချိန်မှာ မြန်မာအစိုးရဘက်က အခုလိုလွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့မှာ ကြေညာခဲ့တာပါ။ အခုလိုကြေညာခဲ့ရမှာ နိုင်ငံတကာဘက်က ယုံကြည်မှု ရလာရေး နိုင်ငံခြားသားတဥိးနဲ့မြန်မာနှစ်ဦး ပေါင်းဖွဲ့ဖို့ မြန်မာသမ္မတရုံးက ရည်မှန်းခဲ့ပေမဲ့ နိုင်ငံခြားသားပါဝင်မှုအပေါ် တပ်မတော်အပါအဝင် အတိုက်အခံ ရခိုင်ပါတီတွေဘက်က လွှတ်တော်မှာ ကန့်ကွက်ခဲ့တာကြောင့် အချိန်တခုကြာ ညှိနှိုင်းခဲ့ရာကနေ အခုတော့ နိုင်ငံခြားသားနောက်တဦးပါ ထပ်ပိုပါလာခဲ့တာပါ။

အခုလိုပါလာတဲ့ နိုင်ငံခြားသားနှစ်ဦးထဲမှာ ဖိလစ်ပိုင်နိုင်ငံက ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဂျပန်က ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဟောင်း ကင်ဇိုအိုရှီမားအဖြစ် တာဝန်ယူထားပါတယ်။

အဲ့ဒီ့တော့ အခုလို နိုင်ငံခြားသားတဦး အပိုပါပြီး ဖွဲ့စည်းလိုက်တဲ့အတွက် အရင်ဖြစ်ခဲ့တဲ့ မကျေနပ်မှုတွေ ပြေလည်သွားပြီလားလို့ မေးရာမှာ ရခိုင်ပြည်နယ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ ဒုဥက္ကဋ္ဌဒေါက်တာဝင်းမြတ်အေးက -

" ကျနော်တို့ကတော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေ အကုန်လုံး လုပ်နေတယ်။ အစိုးရအနေနဲ့ နိုင်ငံအတွက်ကို ကောင်းတဲ့အတွေးအခေါ်အယူအဆတွေနဲ့ ရိုးရိုးသားသားပေါ့နော်။ ရိုးရိုးသားသားနဲ့ ကောင်းတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ ဒါပဲ ကျနော်ပြောလို့ရတယ်။"

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကလည်း-အခုလို နိုင်ငံခြားသားတဦး နောက်ထပ်ပိုပြီးကော်မရှင်ဖွဲ့စည်းခဲ့တဲ့အပေါ်မှာ -

" သူတို့အတွင်းပိုင်းမှာောတ့ ဘယ်လိုရှိလဲ မသိဘူးပေါ့နော်။ သတင်းကတော့ဖြင့်ရင် ဒီကော်မရှင်ဖွဲ့မယ့်ကိစ္စကို သမ္မတနဲ့တကွ ကာလုံ+ ပေါ့လေ ဆွေးနွေးကြပြီးတော့ကာ သူတို့ ကြေကြလည်လည်တော့ ဆွေးနွေးခဲ့တဲ့သဘောရှိတယ်။ အဲ့တာကြောင့်ပဲ ဖြစ်သွားလိမ့်မယ် တူတယ်။

အဲ့တော့ ဒီနေရာမှာ Dr Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကောင်အထည်ဖော်ရေးအပေါ် အကြံပေးကော်မရှင်တဦးဖြစ်တဲ့ ထိုင်းသံအမတ်ကြီးဟောင်း Kobsak Chutikul ဒီကော်မရှင်အတွက် ရုံးလည်ပတ်ဖို့ ဘက်ဂျက်မရှိတာကြောင့် ပြန်နှုတ်ထွက်သွားတာမျိုး အခုဒီတခေါက်ကော်မရှင်အသစ်မှာ မဖြစ်အောင် ဘယ်လိုအစီအစဉ်တွေ မျိုး ရှိနိုင်ပါလဲလို့ မေးရာမှာ ဦးအေးလွင်က ဆက်ပြီး-

" အခုဒီဖွဲ့လိုက်တဲ့ဟာက စုံစမ်းစစ်ဆေးရေး independence bodyတော့ ဖြစ်ရမယ် အဲ့တာကြောင့် အဲ့ဒိ့လိုရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့အစီအမံတွေအတွက် အချိန်ကတော့ ယူရမယ် နောက် ကြေညာထားတဲ့အတိုင်း တကယ်ဖွဲ့တဲ့အတွက် အချိန်ျေတ်ာတော်ယူတော့ ကျနော့်စိတ်ထင် စနစ်တကျတော့ လုပ်ထားတာရှိပါလိမ့်မယ်လို့ ယူဆရပါတယ်။"

တကယ့်တော့ တပ်မတော်နဲ့အတူ ရခိုင်ပါတိတွေဘက်ကလွှတ်တော်အတွင်း ကန့်ကွက်မှုတွေ ရှိလာခဲ့ပြီး နောက်ဆုံးပြီးခဲ့တဲ့ ဇွန်လဆန်းမှာ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပါတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာဆွေးနွေးမှုအပြီး အခုလိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG