သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရင်းနှီးမြုပ်နှံမှုအလားအလာနဲ့ မြန်မာ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အမေရိကန် ကုန်သည်ကြီးများ အသင်းမှာ မိန့်ခွန်း ပြောကြားစဉ်။ (ဇူလိုင် ၃၀-၂၀၁၈)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အမေရိကန် ကုန်သည်ကြီးများ အသင်းမှာ မိန့်ခွန်း ပြောကြားစဉ်။ (ဇူလိုင် ၃၀-၂၀၁၈)

အမေရိကန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အာရှဒေသမှာ တိုးချဲ့ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ အင်ဒို - ပစိဖိတ် ဒေသတွင်း အမေရိကန်ဘက်က စီးပွားရေး အရ ပိုပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့ ပြောဆိုထားပေမယ့် မြန်မာနိုင်ငံ အနေအထား အရတော့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး ဝင်ရောက်လာနိုင်ဖို့ အခြေအနေ မရှိသေးဘူးလို့ မြန်မာ့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အင်ဒို - ပစိဖိတ် ဒေသတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်မှုနဲ့ အတူ ဒေသတွင်း ပွင့်လင်း လွတ်လပ်မှုကို ရည်ရွယ်တဲ့ အမေရိကန်ရဲ့ မျှော်မှန်းချက်ကို နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာရှဒေသကို အလားအလာရှိတဲ့ မဟာဗျူဟာမြောက် ကုန်သွယ်ရေး မိတ်ဖက်တွေ အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခိုင်အမာ ပြောဆိုပြီး အမေရိကန်တို့ အနေနဲ့ စိုးမိုးချယ်လှယ်ဖို့ မဟုတ်ဘဲ မိတ်ဖက်တွေ အဖြစ်ဘဲ လိုလားတယ်ဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတချို့ကို ခရီးသွားဖို့ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မနေ့ တနလာၤနေ့ အမေရိကန် ကုန်သည်ကြီးများ အသင်းမှာ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ အခုလို ထည့်သွင်း ပြောဆိုခဲ့တာပါ။

အမေရိကန်ရဲ့ မဟာဗျူဟာအရ ဒေသတွင်းမှာ ပိုပြီး ထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံကျော်က အဲဒီ ဒေသတွင်းမှာ ရှိပါတယ်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်တို့လို ကမ္ဘာ့ စီးပွားရေး အင်အာအကြီးဆုံး ၆ နိုင်ငံမှာ လေးနိုင်ငံက အင်ဒို - ပစိဖိတ် ဒေသတွင်းမှာ ရှိပါတယ်။ နောက် အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN အသိုင်းအဝိုင်းထဲက ၁၀ နိုင်ငံဟာဆိုရင်လည်း ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု အမြန်ဆုံး ဖြစ်ပြီး အမေရိကန် ထုတ်ကုန်တွေရဲ့ အဓိက ဝယ်လက်လည်း ဖြစ်ပါတယ်။ အမေရိကန် ပြည်သူတွေ အတွက် စီးပွားရေး အကျိုးအမြတ်တွေ ရဖို့ သေချာနေတာကြောင့် သမ္မတ Trump အနေနဲ့ ဒီအခွင့်အရေးကို အစွမ်းကုန် အသုံးချမှာပါ။

အမေရိကန်ရဲ့ အင်ဒို - ပစိဖိတ် အရေး မျှော်မှန်းချက်ထဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က တကယ့်ကို အရေးပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Pompeo က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ အင်ဒို - ပစိဖိတ် ဒေသတွင်း အမေရိကန် စီးပွားရေး ကတိကဝတ်အတွက် ကနဦး ရံပုံငွေ အဖြစ် အမေရိကန် ဒေါ်လာ ၁၁၃ သန်း ပေးအပ်မယ့် အကြောင်းလည်း မနေ့ တနလာၤနေ့မှာ ဝန်ကြီးက ကြေညာပါတယ်။ ကဏ္ဍသုံးရပ်ပါမယ့် ဒီအစဉ်ထဲမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံတွေ အတွက် နည်းပညာ၊ စွမ်းအင်နဲ့ အခြေခံ အဆောက်အဦးတည်ဆောက်ရေးတို့ အတွက် ရံပုံငွေလည်း ပါဝင်ပါတယ်။

အင်ဒို - ပစိဖိတ် ဒေသတွင်း အမေရိကန်ဘက်က စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားတာမှာ မြန်မာနိုင်ငံတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ အလားအလာ ရှိသလားဆိုတဲ့ အပေါ်မှာတော့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက အခုလို သုံးသပ်ပါတယ်။

" အလားအလာကတော့ ကျနော်တို့ မြင်တာကတော့ အမေရိကန်အစိုးရရဲ့ ပေါ်လစီပေါ် မူတည်တာပေါ့နော်။ သူက ရင်းနှီးမြုပ်နှံမှုတွေကို တွန်းအားပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က ဒီနောက်ပိုင်းမှာ ရခိုင်အရေးအခင်းဖြစ်ပြီးနောက်ပိုင်းမှာ အမေရိကန်က အစ ကျန်တဲ့ EU နိုင်ငံတွေရဲ့ရင်းနှီးမြုပ်နှံမှုက လျော့ကျလာတယ် ကျေျနာ်တို့ဆီကတော့ အမေရိကန်ထွက်ကုန်တွေကို သဘောကျတယ်လေ။ ကားဆိုရင် ကျနော်တို့ဆီက ဖို့ဒ်ကားဆိုပြီး မြန်မာပြည်မှာ ထုတ်လုပ်နေတာတွေ့ရတယ်ပေါ့နော် ကျနော်တို့ကတော့ သဘောကျပါတယ်။"

ပြီးခဲ့တဲ့ နှစ်အတွင်း ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရတဲ့ ကိစ္စကို မဖြေရှင်းနိုင်သေးတဲ့ အခြေအနေမှာ မြန်မာနိုင်ငံ အတွင်း ခရီးသွားလုပ်ငန်း၊ နောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် သက်ရောက်မှု ရှိနေတာပါ။ မြန်မာ အစိုးရဘက်က ထွက်ပြေးရသူတွေကို စိစစ်လက်ခံမယ်လို့ ကတိပြုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်သင့်မခံပါဘူး။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာ အဖွဲ့၊ အထူးကိုယ်စားလှယ်တို့ကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG