သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင်သင်္ဘောဟောင်းတစင်း မြန်မာ့ပင်လယ်ပြင်မှာတွေ့ရှိ


ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင်သင်္ဘောဟောင်းတစင်း (ခရက်ဒစ်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင်သင်္ဘောဟောင်းတစင်း (ခရက်ဒစ်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင်း ပင်လယ်ပြင်မှာ နိုင်ငံခြားကုန်တင်သင်္ဘောဟောင်းတစင်း သောင်တင်ပြီး ပိုင်ရှင်မဲ့အဖြစ် အာဏာပိုင်တွေက တွေ့ရှိထားပါတယ်။ သင်္ဘောအမည်ကို စစ်ဆေးရာမှာ အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံး မှတ်ပုံတင်ထားတာ တွေ့ရပြီး၊ မြောပါပြီး ကမ်းခြေဖက် တက်လာတာ ဒါမှမဟုတ် ရည်ရွယ်ချက်နဲ့ မျောခဲ့တာ ဒါမှမဟုတ် ဆွဲယူမရလို့ စွန့်ပစ်ခဲ့တာမျိုးဖြစ်နိုင်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလို ပိုင်ရှင်မဲ့ နိုင်ငံခြားကုန်တင်သင်္ဘောတစင်း သုံးခွမြို့နယ် ပင်လယ်ကမ်းခြေပိုင်း ရောက်လာတာနဲ့ပတ်သက်ပြီး သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးနေဝင်း။ ။ မုတ္တမပင်လယ်ဖြစ်တဲ့ သုံးခွမြို့နယ်ပေါ့နော် အဲဒီကနေ ရေမိုင် ၇ မိုင်အကွာလောက်မှာ ဒီသင်္ဘောကြီးရောက်နေတယ် ဆိုတာ ကျနော်သတင်းရပါတယ် အဲလိုသတင်းရတဲ့အခါမှာ သင်္ဘောကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ကျနော်တို့မြို့နယ်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေကို ကျနော်သွားပြီးတော့ မေးတယ်ပေါ့နော်။ ဒီသင်္ဘောကြီးဘယ်လိုကြောင့်ရောက်သလဲ အခြေအနေထူးခြားမှုဘယ်လိုရှိသလဲ ။ ဒီသင်္ဘောကြီးက မတရားကြီးတဲ့အတွက် ဘယ်ကလဲမသိတဲ့အတွက် သက်ဆိုက်ရာနယ်မြေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို လှမ်းပြောပြီးတော့ နယ်မြေလုံခြုံရေးတွေ သတိရှိဖို့ ဒီသင်္ဘောကြီးနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်အခြေအနေတွေ စောင့်ကြည့်ပေးဖို့ မနေကညတွင်းကြီးဒါတွေ မှာတယ်ပေါ့နော်။ ဒီမနက်မှာပဲ ကျနော်တို့မြို့နယ်တပ်ဖွဲ့မှူးအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ကျနော် ရေတပ်က အရာရှိတွေအပါအဝင်ပေါ့နော် သင်္ဘောကြီးကို သွားစစ်ဆေးတယ်ပေါ့နော်။ အဲလိုသွားစစ်ဆေးတဲ့အခါမှာ သင်္ဘောကြီးအပေါ်မှာ လူတယောက်မှမပါဘူးခင်ဗျ။ မပါတဲ့အခါမှာ အဲဒီအပေါ်မှာ ကုန်ပစ္စည်တွေပါမလားလို့ ကြည့်တဲ့အခါမှာလည်း ဘာမှမပါဘူး။ သင်္ဘောကြီးက အခွံဖြစ်နေတယ်ပေါ့နော်။ သင်္ဘောကြီးဓါတ်ပုံမှတ်တမ်းတွေပို့တာကို ကြည့်ချင်းအားဖြင့် သင်္ဘောကြီးက အခွံပေါ့။ ပြောမယ်ဆိုရင်ပိုင်ရှင်မဲ သင်္ဘောကြီးဖြစ်နေတယ်။ တခုတော့ရှိတယ် ဒီလောက်ကြီးတဲ့ သင်္ဘောကြီးဒီကိုရောက်လာတာက ထူးဆန်းတယ်၊ ဘာဖြစ်လို့ရောက်နေသလဲဆိုတာက ထူးဆန်းတယ်။

မေး။ ။ အခုက ဘာဆက်လုပ်ထားသလဲ ကျနော်တို့သိရသလောက်က သင်္ဘောနာမည်နဲ့ လိုက်ကြည့်တဲ့အခါကျတော့ အင်ဒိုနီးရှားနိုင်ငံမှတ်ပုံတင်ထားတယ်လို့ သိရပါတယ်ခင်ဗျ။ ဘာများဆက်လုပ်ထားပါသလဲ။

ဦးနေဝင်း။ ။ ဒီဘက်က အင်တာနက်ကနေ ဒီသင်္ဘောနာမည်နဲ့ မှတ်ပုံတင်ကိုကြည့်ပြီးတော့ ရှာတဲ့အခါမှာ နောက်ဆုံးပိုင်ရှင်ကတော့ အင်ဒိုနီးရှားနိုင်ငံကလို့ သိရပါတယ်ခင်ဗျ။နောက်ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာကတော့ ဒီရေတပ်အစိုးရပိုင်း၊ ရေတပ်အာဏာပိုင်အဖွဲ့အစည်းရဲ့တာဝန်ဖြစ်ပါတယ်။

မေး။ ။ ဒေသထဲမှာရော စိုးရိမ်စရာတွေဖြစ်နေသလား။ ဒီဟာနဲ့ ပတ်သက်လို့ သံသယတွေ စိုးရိမ်စရာတွေရှိလား။

ဦးနေဝင်း။ ။ မရှိပါဘူး စိုးရိမ်စရာတွေမရှိပါဘူး။ ပထမပိုင်းက သတင်းဌာနတွေ ကျနော့်ကို မေးတာတွေရှိတယ်။ ဓါတုပစ္စည်းတွေတွေ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး အဲဒါတွေက တချို့ဟာတွေက သတင်းကို ကြားပြီးတော့ မှန်းပြီးတော့ ရေးတယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ ပစ္စည်းတက်ခိုးတယ် လုတယ်ဆိုတာမျိုး အဲဒီလူတွေကိုလည်းဖမ်းဆီးချုပ်ထားတယ်၊ အဲဒါတွေကတော့လည်း မဟုတ်ပါဘူး ။ လက်ရှိအခြေအနေ အမြင်နဲ့ ပြောရရင် သင်္ဘောကို စွန့်ပစ်သလို ခန့်မှန်းနေတယ်။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ သင်္ဘောကြီးကို စွန့်ရင် ဘာဖြစ်လို့ မြန်မာနိုင်ငံထဲကို ရောက်လာသလဲ ဆိုတာကတော့ စဉ်းစားစရာတခုပေါ့နော်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG