သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ပင်လယ်မှာ ရုရှားနဲ့တရုတ် စစ်ရေးလေ့ကျင့်


ရုရှားသမ္မတ ပူတင် - တရုတ်နဲ့စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစဉ်။
ရုရှားသမ္မတ ပူတင် - တရုတ်နဲ့စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစဉ်။

ဒေသတွင်းမှာ ရုရှားတွေရဲ့ စစ်ရေးအင်အားတိုးချဲ့လာတာကြောင့် စိုးရိမ်ကြောင်း ဂျပန်နိုင်ငံက ပြောဆိုနေတဲ့ကြားမှာပဲ ဂျပန်ပင်လယ်အတွင်းမှာ ရုရှားက ဒီကနေ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

Vostok 18 စစ်ရေးလေ့ကျင့်မှုကို ရုရှားအရှေ့ပိုင်းမှာ စက်တင်္ဘာလ ၁၁ ရက်နေ့ ကတည်းက စတင်ခဲ့တာဖြစ်ပြီး တနင်းလာနေ့မှာ အဆုံး သတ်မှာပါ။ ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က တပါတ်ကြာ အကြီးမားဆုံး စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်း၊ သံချပ်ကာယာဉ် ၃၆၀၀၀၊ လေယာဉ် ၁၀၀၀ နဲ့ စစ်သင်္ဘော ၈၀ လောက် ပါဝင်တယ်လို့ ပြောထားတာပါ။

ဆိုက်ဘီးရီးယား အရှေ့ပိုင်းနဲ့ ပစိတ်ဖိတ် ဒေသ အရှေ့စွန်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ အတူ စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လေတပ်၊ အမြှောက်တပ် အကူအညီနဲ့ Klerk စစ်သင်တန်းစခန်းရှိရာ ကမ်းခြေကို မရင်းတပ်သားတွေက တက်ရောက် သိမ်းပိုက်တာကို လေ့ကျင့်ခဲ့တာပါ။

ဒုတိယကမ္ဘာစစ်ကာလကတည်းက သူပိုင်ကိုယ်ပိုင်အငြင်းပွါးနေတဲ့ ကျွန်း ၄ ကျွန်းပါဝင်ရာ Kuril ကျွန်းစု ဒေသအတွင်း ရုရှားဘက်က စစ်အင်အား တိုးချဲ့လာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ဂျပန်က ပြောဆိုထားပြီး အဲဒီကျွန်းစုတွေအရေးကိစ္စကြောင့်လည်း ဂျပန်နဲ့ ရုရှားအကြား ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန်မှာပဲ ကြာသပတေးနေ့က စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုလေ့လာခဲ့တဲ့ ရုရှားသမ္မတ Vladimir Putin က ရုရှားစစ်တပ်ကို နောက်ဆုံးပေါ် လက်နက် နည်းပညာတွေနဲ့ အားဖြည့်ပေးသွားမယ်လို့ ကတိပေးသွားပါတယ်။

အခုလိုစစ်ရေးလေ့ကျင့်တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ဖြစ်တယ်လို့ ရုရှားဘက်က ပြောဆိုထားပေမယ့်လည်း အနောက်အင်အားကြီး နိုင်ငံတွေ အဓိက ပါဝင်တဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ကြီးကတော့ ဒါဟာ စစ်ပွဲကြီးအတွက် ပြင်ဆင်နေတာမျိုးအဖြစ် ရှုမြင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG