ငတ်မွတ်ခေါင်းပါးမှုကို ကြိုတင်ကာကွယ်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နဲ့ နည်းပညာ ဆိုင်ရာ ကုမ္ပဏီကြီးတွေ ပူးပေါင်းလုပ်ဆောင်မယ့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တခုကို စတင်လိုက်ပါပြီ။
ဒီအစီအစဉ်စတင်ကြောင်း ကြေညာတဲ့အခမ်းအနားမှာ ကမ္ဘာ့ဘဏ်ဥက္ကဌ Jim Young Kim က “၂၁ ရာစုမှာ ကလေးငယ်အများ အပြားအပါအဝင် လူသန်းပေါင်းများစွာဟာ ဆိုးရွားတဲ့ အဟာရချို့တဲ့မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရဆဲရှိနေတယ် ဆိုတာ ကမ္ဘာလုံးဆိုင်ရာ ကြေကွဲဖွယ်ဖြစ်ရပ်ပါ” လို့ပြောပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ Microsoft ၊ Google နဲ့ Amazon အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး Famine Action Mechanism (FAM) ဆိုတဲ့ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းရေး စနစ်တခုကို ထူထောင်ကြတာပါ။ ဒီစနစ်ကနေ လုံးဝ ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေကို ရောက်သွားနိုင်ခြေ အများဆုံးရှိတဲ့ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းတွေကို ဆန်းစစ် ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့အဆိုအရ ဒီကနေ့ကမ္ဘာမှာ အကျပ်အတည်းဆိုက်တဲ့ အခြေအနေထိရောက်နေတဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံနေရသူပေါင်း ၁၂၄ သန်းရှိပါတယ်။
“စားနပ်ရိက္ခာ မလုံလောက်မှုကို အဆိုးရွားဆုံး လက်ရှိရင်ဆိုင်နေရတဲ့” နိုင်ငံ ငါးနိုင်ငံမှာ FAM အစီအစဉ်ကို ပထမဆုံး စတင်မယ် လို့ ကမ္ဘာ့ဘဏ်ကပြောပေမယ့် ဘယ်နိုင်ငံတွေဆိုတာကိုတော့ အတိအကျ မပြောသေးပါဘူး။ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးမှာ တိုးချဲ့လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။