သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်လေယာဉ် ၂ စင်းပျက်ကျ၊ လေယာဉ်မှူး ၂ ဦးအပါအဝင် ၃ ဦးသေ


 ပျက်ကျသွားတဲ့ မြန်မာ့လေတပ်က F-7 တိုက်လေယာဉ်။ အောက်တိုဘာ ၁၆၊ ၂၀၁၈။
ပျက်ကျသွားတဲ့ မြန်မာ့လေတပ်က F-7 တိုက်လေယာဉ်။ အောက်တိုဘာ ၁၆၊ ၂၀၁၈။

မကွေးတိုင်းစစ်ဌာနချုပ်က F7 တိုက်လေယာဉ် ၂စီး အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၇ နာရီကျော်မှာ ပျက်ကျခဲ့ပြီး လေယာဉ်မောင်းသူ ၂ဦးသေဆုံးခဲ့သလိုလူနေအိမ်ပေါ်ကို လေယာဉ်အပိုင်းအစတချို့ကျခဲ့တဲ့အတွက် ၅တန်းကျောင်းသူတဦးလည်း သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် VOA မြန်မာပိုင်း သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မကွေးတိုင်းစစ်ဌာနချုပ်ကနေလေ့ကျင့် မောင်းနှင်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ F7 တိုက်လေယာဉ် ၂စီး ဟာလေ့ကျင့်ပျံသန်းမှုတွေလုပ်ခဲ့ပြီး မကွေးလေတပ်စခန်းကိုပြန်လာစဉ်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်မူး ၂ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ လေယာဉ်မှုး ၂ဦးလုံးဟာ လေထီးတွေပွင့်လျက်နဲ့ပဲသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မကွေးတိုင်း၊ မင်းဘူးမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းကတော့ လေယာဉ်ပျက်ကျတဲ့ဖြစ်စဉ်ကို အခုလိုပြောပြပါတယ်။

“ဒီနေ့မနက် ၇ နာရီ ၂၅လောက်က မင်းဘူးမြို့နယ်၊ ဆားပွတ်ချောင်းအနီးမှာ တစီးပျက်ကျတယ်။ မင်းဘူးစကုမြို့နယ်၊ သနပ်ပင်ကျေးရွာ အနောက်ဖက် ကွင်းအမှတ်၁၂၂၀ အတွင်းမှာ တစီးပျက်ကျတယ်။ စစချင်းတော့ တစီးပဲထင်တာ။ နောက်တော့မှ ၂စီးကတပြိုင်တည်းပျက်ကျတယ်။ သနပ်ပင်ဘက်မှာကျတာတော့ လေယာဉ်အပိုင်းအစတွေအားလုံးနီးပါးရတယ်။ အဲဒီမှာကတော့ ကိုင်းတောထဲမှာဆိုတော့ ဒေသခံတွေမထိခိုက်ဘူးပေါ့။ လေထီးကတော့ပွင့်တယ်ပြောတယ်။ ဒါပေမဲ့ လေယာဉ်မူး၂ယောက်စလုံးသေတာပါပဲ”

ဆားပွတ်ချောင်းအနီးမှာပျက်ကျခဲ့တဲ့လေယာဉ်အစိတ်အပိုင်းတွေဟာ အနီးနားက လူနေအိမ်တွေပေါ်ကို ကျခဲ့တဲ့ အတွက် စာစုဖတ်နေတဲ့ကျောင်းသူတွေအပေါ် ကျခဲ့ပြီး လေယာဉ်အပိုင်းအစတွေထိမှန်တဲ့အတွက် ၅တန်းကျောင်းသူတဦးလည်း သေဆုံးသွားခဲ့တဲ့ အကြောင်း လေယာဉ်ပျက်ကျတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံတဦးဖြစ်တဲ့ဦးဝင်းချိုကလည်းပြောပြပါတယ်။

“မင်းဘူးတာဝါတိုင်ကို ထိပြီးတော့ ဆားပွတ်ချောင်းသောင်ပြင်ပေါ်ကိုကျတာ။ လေယာဉ်မှုး ကတော့ပွဲချင်းသေတယ်။ တာဝါတိုင်ကိုကျပြီး အောက်ကျတဲ့အစအနတွေကြောင့် စားကျက်နေတဲ့ ကလေး၂ယောက်ကတော့ ဆေးရုံတင်ရတယ်။ ကလေးတယောက်ကတော့ဆုံးသွားတယ်”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၆နာရီ၂၀အချိန်ခန့်မှာ မကွေးလေတပ်က F7 တိုက်လေယာဉ်အမျိုးအစား ၄စီးလေ့ကျင့်ပျံသန်းမှုတွေလုပ်ခဲ့ကြောင်း၊ ဒီထဲက ၂စီးဟာ ရာသီဥတုဆိုးရွားတဲ့အတွက်ပျက်ကျသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်လေယာဉ်ပျက်ကျတာကြောင့် လေယာဉ်မှုးတွေဖြစ်တဲ့ ဗိုလ်ကြီးဟိန်းသူအောင်နဲ့ ဗိုလ်ကြီးဖြိုးမောင်မောင်တို့သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ မင်းဘူးမြို့ ဆားပွတ်ချောင်းအနီးမှာပျက်ကျတဲ့လေယာဉ်ကြောင့် မင်းဘူးမြို့အမှတ် ၄ရပ်ကွက်၊ အေးသာယာလမ်းနေ အဘဦးဖိုးဖြူရဲ့သမီး ၅တန်းကျောင်းသူ မသွယ်ဇင်ငြိမ်းဟာ လေယာဉ်အပိုင်းအစတွေထိမှန်ပြီး ဒဏ်ရာရခဲ့ပြီးတဲ့ နောက်ဆေး ရုံမှာသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း တောင်ငုူလေတပ်စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ F-7 လေယာဉ်ဟာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့ပါသေးတယ်။ လေယာဉ်ပေါ်မှာပါတဲ့ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းဟာ တပ်မတော်ဆေးရုံကို ပို့ဆောင်စဉ်မှာဘဲ အသက် ဆုံးရှုံးသွားတယ်လို့ တပ်မတောာ် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့တာပါ။ စစ်အေးခေတ်မှာ ဆိုဗီယက်ပြည်ထောင်စုက ထုတ်တဲ့ MiG-21 အမျိုးအစားနဲ့တူတဲ့ မောင်းသူတယောက်ထဲသာ စီးလို့ရတဲ့ ဒီ F-7 လေယာဉ်ကို တရုတ်နိုင်ငံက ဆက်လက် ထုတ်လုပ်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် စက်တင်ဘာလ တုန်းကလည်း တပ်မတော် လေ့ကျင့်ရေး လေယာဉ် G-4 တစင်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်နားမှာ ပျက်ကျခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၇ ဇွန်လအတွင်းမှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ Y-8 အမျိုးအစား တပ်မတော် ပို့ဆောင်ရေး လေယာဉ်ဟာ ပင်လယ်အတွင်း ပျက်ကျခဲ့ပြီး အဲဒီ ပျက်ကျမှုကြောင့် ၁၂၂ ဦး သေဆုံးခဲ့ရပါတယ်။

၂၀၁၆ ခုနစ်အတွင်းကလည်း တပ်မတော်(လေ)ရဲ့ အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစီးဟာ နေပြည်တော် လေဆိပ်ကနေ အတက်မှာ စက်ချို့ယွင်းပြီး ပျက်ကျမီးလောင်သွားခဲ့တာကြောင့် လေယာဉ်ပေါ် ပါလာသူ စစ်သည် ၅ ဦး သေဆုံးခဲ့ပါတယ်။

တပ်မတော် စစ်လေယာဉ်၂စီးပျက်ကျမှုနဲ့ပတ်သက်လို့ တော့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG