အောက်တိုဘာ ၁၆၊ ၂၀၁၈။ သတင်းသမားတွေနဲ့ အာဏာပိုင်တွေအကြား ပြဿနာတွေဖြစ်လာရင် ဖြေရှင်းနိုင်မယ့် သတင်းမီဒီယာဥပဒေဆိုတာကို ပြဌာန်းထားတာရှိပေမယ့်လည်း၊ ရန်ကုန်တိုင်းအစိုးရကို ဝေဖန်ရေးသားတဲ့ သတင်းသမား သုံးဦးကို အဲဒီ ပြဌာန်းချက်ကို အသုံးမပြုပဲ ရာဇ၀တ်မှုနဲ့ ပြီးခဲ့တဲ့ရက်ကပဲ ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ဒီမတိုင်ခင်မှာဆိုလည်း သတင်းသမားတွေ ဖမ်းခံရတာ တရားစွဲဆိုခံရတာ ကန့်သတ်ခံရတာ ခြိမ်းခြောက်ခံရတာတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ အစီရင်ခံစာအရဆိုရင်ပဲ မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အရင်နှစ်ကထက် ၆ဆင့်လျော့ကျပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
တချိန်တုန်းက အတိုက်အခံဘ၀မှာ သတင်းမီဒီယာနဲ့ ဆက်ဆံရေးကောင်းခဲ့တဲ့ NLD အစိုးရအနေနဲ့ အခု အစိုးရဖြစ်ချိန် သတင်းမီဒီယာတွေအပေါ်ထားတဲ့ သဘောထားဟာ ပြောင်းလဲသွားတယ်လို့ ယူဆစရာရှိပါသလား။ NLD အစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ရန်ကုန် ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာချုပ်လည်းဖြစ် မြန်မာသတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်နဲ့၊ မြန်မာ့လူ့အခွင့်အရေးပညာပေးဌာနတခုဖြစ်တဲ့ Equality Myanmar (ညီမျှခြင်းမြန်မာ)ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်မျိုးမင်းတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။