ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အဓိက အချက် ၂ ချက်က တာဝန်ယူမှု တာဝန်ခံမှုရှိဖို့နဲ့ အားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့အတွက် ပထမခြေလှမ်းကတော့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ စုံစမ်းရှာဖွေဖို့ဖြစ်တယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အစိုးရအပြင် သက်ဆိုင်သူအားလုံးအနေနဲ့လည်း အထူးသဖြင့် အမျိုးသမီး၊ ကလေးငယ်တွေပါဝင်တဲ့ ဒုက္ခရောက်နေသူ အရပ်သားအားလုံးရဲ့ အကျိုးအတွက် အပြုသဘောဆောင် ဆွေးနွေးအဖြေရှာဖို့ကိုလည်း တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကနေ ဒီပြဿနာတွေကို ပြောဆိုဆွေးနွေးနိုင်မှာဖြစ်တယ်လို့လည်း သူကထောက်ပြပါတယ်။
အထူးကိုယ်စားလှယ် Burgener ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ စစ်ဖက်ခေါင်းဆောင်တွေ၊ တိုင်းရင်သား လက်နက်ကိုအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
သူဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အစိုးရနဲ့ UNHCR, UNDP အဖွဲ့တွေကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့တဲ့အချက်တွေကို စတင် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တာတွေကို တွေ့ရကြောင်းနဲ့ ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ လွတ်လပ်စွာ သွားရောက်နိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း အလေးထားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာတော့ ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေတဲ့ အခြေအနေတွေကို သတိထားမိကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။