သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံသတင်းပြဿနာ အင်ဒိုနီးရှားမှာ ကြီးထွား


အင်ဒိုနီးရှားနိုင်ငံ ချီတက်ဆန္ဒပြပွဲတခုမြင်ကွင်း။
အင်ဒိုနီးရှားနိုင်ငံ ချီတက်ဆန္ဒပြပွဲတခုမြင်ကွင်း။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကျရင် ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲတွေမတိုင်ခင် သတင်းတု၊ သတင်း မှား၊ လုပ်ကြံသတင်းတွေ ဖြန့်ဖြူးတဲ့ပြဿနာ ကြီးထွားလာနေပါတယ်။ သတင်းမီဒီယာသမားတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေက ဒီအခြေအနေကို ကြိုးစား တိုက်ဖျက်နေကြပေမဲ့လည်း ထိရောက်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ ဂျကာတာ ကနေ Max Walden ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ကမ္ဘာမှာ တတိယလူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး လူဦးရေအများစုက အသက်ငယ်ရွယ်ပြီးတော့ မိုဘိုင်းလ်ဖုန်း တွေကို အဓိက သုံးစွဲကြသူတွေ ဖြစ်နေတဲ့အပြင် ဒစ်ဂျစ်တယ်လ်နည်းပညာပိုင်း အသိဗဟုသုတ နိမ့်ပါးကြတဲ့ အင်ဒိုနီးရှားနိုင်ငံ ဟာ လုပ်ကြံသတင်းတွေနဲ့ သတင်းတုတွေပြန့်နှံ့ဖို့ သိပ်လွယ်ကူတဲ့အခြေအနေမှာ ရောက်နေတာပါ။ သတင်းတုတွေကို တိုက်ဖျက် ဖို့ အစိုးရနဲ့ သတင်းမီဒီယာတွေက ကြိုးစားကြပေမဲ့လည်း လုပ်ကြံသတင်းအများစုဟာ ဆိုရှယ်လ်မီဒီယာနဲ့ WhatsApp မိုဘိုင်းလ် Application တွေမှာ အများဆုံးပြန့်နှံ့နေတာပါ။ ဒါကြောင့် ၂၀၁၉ ဧပြီလမှာလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲတွေမတိုင်ခင် ပြဿနာ ပိုပြီး ဆိုးရွားလာမှာကို လူအများက စိုးရိမ်နေကြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ အာရှနဲ့ပစိဖိတ်ရေးရာကောလိပ်က မီဒီယာဘာသာရပ် ကထိက Ross Tapsell က အခုလိုသုံးသပ်ပါတယ်။

“အင်ဒိုနီးရှားရဲ့ မီဒီယာအနေအထားက အတော်လေး အမျိုးစုံလင်ပြီး ဒေသတွင်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ် ရင် သတင်းလွတ်လပ်ခွင့် ကြီးမားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ အချိတ်အဆက်ရှိတဲ့ သတင်းမီဒီယာပိုင်ရှင်တွေက အဲဒီ အခြေအနေကို အသုံးချ လွှမ်းမိုးပြီးတော့ ပါတီစွဲပါတဲ့ နိုင်ငံရေးသတင်းတွေဖြန့်တာ ပိုတိုးလာနေပါတယ်။”

အမေရိကန်၊ ကွန်နက်တိကပ်ပြည်နယ် ဗဟိုတက္ကသိုလ်က ၂၀၁၆ ခုနှစ်မှာ ကောက်ယူတဲ့ ကမ္ဘာလုံးဆိုင်ရာ စာတတ်မြောက်မှုနဲ့ စာတတ်မြောက်သူ အမူအကျင့် လေ့လာချက်စစ်တမ်းမှာ နိုင်ငံပေါင်း ၆၁ နိုင်ငံပါဝင်ပြီး အင်ဒိုနီးရှားကို အဆင့် ၆၀ မှတ် သတ်မှတ် ထားပါတယ်။ အင်ဒိုနီးရှား လူမှုအဝန်းအဝိုင်းကြားမှာ စာတတ်မြောက်မှုနှုန်းဟာ သိပ်ကိုနိမ့်ကျနေတယ်လို့ အင်ဒိုနီးရှား၊ လွတ်လပ် သောသတင်းထောက်များ မဟာမိတ်အဖွဲ့ AJI ရဲ့အတွင်းရေးမှူးချုပ် Revolusi Reza ကပြောပါတယ်။

“လုပ်ကြံသတင်းတွေက လူထုကို အကွဲကွဲအပြားပြားဖြစ်အောင် လုပ်ပလိုက်တဲ့ပုံရှိပါတယ်။ သတင်းရဲ့ တကယ့် အစစ်အမှန်သဘာဝကို လူထု နားလည်သဘောပေါက်လာအောင် ပညာပေးဖို့ဟာ ပိုပိုပြီးတော့ အရေးတကြီးလုပ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။”

ကျောင်းတွေမှာ ဒစ်ဂျစ်တယ်လ် အသိသုတဆိုင်ရာ သင်ခန်းစာတွေကို လျှော့ချပစ်ပြီး ဘာသာရေးနဲ့ အမျိုးသားရေးဝါဒ လေ့လာမှု တွေကို ပိုပြီးဦးစားပေးလာတာဟာ စိုးရိမ်စရာဖြစ်တယ်လို့ ကထိက Tapsell က ထောက်ပြပါတယ်။

“ဘာကြောင့်လဲဆိုတော့ အခုမှ အင်တာနက်ကို စသုံးကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား သန်းပေါင်းများစွာ ရှိပါ တယ်။ ယေဘုယျအားဖြင့်ဆိုရင် သတင်းအတုအယောင်တွေနဲ့ အဲဒီကရတဲ့အမြင်တွေကို သူများတွေကို အလွယ်တကူပဲ တဆင့် ပြန်ပြောတတ်သူတွေဟာ အသက်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ကြပါတယ်။”

ဒီကိစ္စကို အစိုးရကလည်း အထူးအလေးအနက်ထားပြီး ကိုင်တွယ်နေပါတယ်။ သတင်းအတုအယောင်တွေအကြောင်း၊ လုပ်ကြံ သတင်းတွေကို ဘယ်လိုနှိမ်နင်းမယ်ဆိုတဲ့အကြောင်းတွေကို ဝက်ဘ်ဆိုက်တ်အသစ် StopHoax.id မှာ သီတင်းပတ်စဉ်တိုင်း ရှင်းလင်းတင်ဆက်သွားမယ်လို့ အင်ဒိုနီးရှား ဆက်သွယ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာထားပါတယ်။

ဒါပေမဲ့လည်း တာဝန်ရှိသူတွေဟာ လက်ရှိအကြီးအကဲရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်တာကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့ အခြေအနေမျိုးမှာ အစိုးရက ဝင်ရောက်လုပ်ဆောင်တာရဲ့ ထိရောက်မှုက အကန့်အသတ်ရှိတယ်လို့ အင်ဒိုနီးရှား လုပ်ကြံပြောဆိုမှု တိုက်ဖျက်ရေးအဖွဲ့ Mafindo ရဲ့ဥက္ကဌ Anita Wahid ကပြောပါတယ်။

“အတုအယောင် လုပ်ကြံသတင်းတခုကို အစိုးရက မိလိုက်တိုင်းမှာ အဲဒါကို ဖွင့်ချလိုက်တာ ဒါမှမဟုတ် အဲဒီ သတင်းဖြန့်တဲ့အကောင့်ကို ပိတ်ပစ်လိုက်တာမျိုး လုပ်လိုက်တာပါပဲ။ အဲဒီမှာ အန္တရာယ်ကရှိနေပါတယ်။ အစိုးရဟာ ဒီရွေးကောက် ပွဲမှာ အတိုက်အခံတွေကို အသံတိတ်သွားအောင် လုပ်နေတယ်ဆိုပြီး ဆင်ထားတဲ့အကွက်ထဲ ဝင်သွားပါလိမ့်မယ်။”

လုပ်ကြံသတင်းတွေရဲ့အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ Sulawesi ကျွန်းအလယ်ပိုင်း၊ Palu မြို့မှာ မကြာသေးခင်က လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် ကြုံနေရတဲ့ကာလမှာ ပိုထင်ရှားသွားပါတယ်။ ဘေးဒဏ်သင့်ဒေသတွေအတွက် နောက်ဆုံးအခြေအနေတွေကို တရားဝင် ထုတ်ပြန်ပေးနေတဲ့တချိန်ထဲမှာပဲ နောက်ထပ် ငလျင်ကြီးလှုပ်တော့မယ်ဆိုတဲ့ သတင်း တွေ၊ မီးတောင်ပေါက်ကွဲတဲ့ ပုံအဟောင်းတွေနဲ့ လုပ်ကြံသတင်းဖြန့်တာတွေကြောင့် လူထုကြားမှာ ထိတ်လန့်တကြား ဖြစ်ကြရတဲ့ အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနအနေနဲ့ ဒီသတင်းမှားတွေကို ပြန်ပြီးချေဖျက်ရတဲ့ အလုပ်ကိုလည်း မဖြစ်မနေ လုပ်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG